ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ၂၀၂၆ ခုနှစ်၊ (၇၈)နှ စ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ
ခင်ဗျား
ယနေ့ ဇန်နဝါရီလ ၄
ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈) နှစ်မြောက်
လွတ်လပ်ရေးနေ့အခါသမယ၌ မိဘပြည်သူများနှင့် တိုင်းရင်းသားအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာရွှင်လန်းပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း
ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံသည်
ရှေးနှစ်ပေါင်းများစွာကပင် တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးအတူပူအမျှ
သွေးစည်းညီညွတ်စွာ ယှဉ်တွဲနေထိုင်ခဲ့ကြသော အစဉ်အလာကြီးမားသည့် ပြည်ထောင်စုကြီး ဖြစ်ပါသည်။
ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုတို့ဖြင့်
ကမ္ဘာ့အလယ်တွင် စည်းလုံးညီညွတ်စွာနှင့် ခံ့ညားထည်ဝါစွာ ရပ်တည်လာခဲ့သည့်နိုင်ငံ
ဖြစ်ပါသည်။
ကမ္ဘာတစ်ဝန်း
လွှမ်းမိုးကြီးစိုးလာခဲ့သည့် ကိုလိုနီစနစ်ဆိုးကြောင့် မြန်မာနိုင်ငံသည် ဗြိတိသျှ
နယ်ချဲ့တို့၏ သုံးကြိမ်တိုင်တိုင် ကျူးကျော်ခြင်းခံခဲ့ရပြီး ၁၈၈၅ ခုနှစ်တွင်
နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို လက်လွှတ်ဆုံးရှုံးခဲ့ရပါသည်။ နိုင်ငံ့စီးပွားအရင်းအမြစ်
မှန်သမျှကို အရင်းရှင် နယ်ချဲ့နှင့် ဖက်ဆစ်တို့က သိမ်းပိုက်ပြီးအမျိုးမျိုး
ဖိနှိပ်အုပ်ချုပ်ခဲ့သည့်အတွက် မြန်မာပြည်သူများ သည် သူ့ကျွန်ဘဝဖြင့်
ဒုက္ခမျိုးစုံနှင့် ဆင်းရဲတွင်း နက်ခဲ့ကြပါသည်။
နယ်ချဲ့ဆန့်ကျင်ရေးနှင့်
အမျိုးသားလွတ်မြောက်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အသက်သွေးချွေးများစွာ
စတေး၍ တိုက်ပွဲဝင်ခဲ့ကြသဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်
မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ပြီး ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံသည်
လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်စိုးသော နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ
ယနေ့တွင် (၇၈) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
မြန်မာနိုင်ငံကို
သူ့ကျွန်ဘဝမှလွတ်မြောက်စေကာ တိုင်းတစ်ပါး၏ လွှမ်းမိုးချုပ်ကိုင်မှုကင်းရှင်းပြီး
နိုင်ငံ၏ အရေးကိစ္စအဝဝကို ကိုယ်ပိုင်ဆုံးဖြတ် ဆောင်ရွက်နိုင်သည့် လွတ်လပ်ပြီး
အချုပ်အခြာအာဏာ ပိုင်စိုးသော နိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိရန်
နှစ်ပေါင်းတစ်ရာကျော် ခက်ခဲကြမ်းတမ်းစွာ တိုက်ပွဲ ဝင်ခဲ့ကြရပါသည်။ ကာလကြာရှည်စွာ
ကြိုးစားရယူခဲ့ရသည့် လွတ်လပ်ရေးသည် လွဲမှားသည့် အတွေးအခေါ်၊ အယူအဆနှင့်
လုပ်ဆောင်ချက်များကြောင့် တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင် သည်ကို ယခုအချိန်ကာလမျိုးတွင်
သတိမူရမည် ဖြစ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ
ခင်ဗျား
နယ်ချဲ့တို့၏
သွေးခွဲအုပ်ချုပ်မှုကြောင့် ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်လမ်းစဉ်
ချုပ်ငြိမ်းစေရန် ခေတ်အဆက်ဆက် အစိုးရများက နည်းလမ်းမျိုးစုံဖြင့်
ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ လူမျိုးစွဲ၊ ဝါဒစွဲ၊ အတ္တစွဲနှင့်
ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုတို့ကြောင့် နိုင်ငံတော်တွင် လက်နက်ကိုင် ပဋိပက္ခများ၊
အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံပိုင် အခြေခံအဆောက်အအုံများနှင့်
တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုများ
ကြုံတွေ့ခဲ့ကြရပါသည်။ လက်နက်စွဲကိုင်ပြီး မဖြစ်သင့်မဖြစ်ထိုက်သည်များကို
တောင်းဆိုခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊
ဒေသစွဲကြီးမားစွာဖြင့် မိမိတို့၏ဆန္ဒကိုသာ ရှေ့တန်းတင်ဦးစားပေး ဖန်တီး
ဆောင်ရွက်နေမှုများသည် မိမိတို့၏ ဒေသခံပြည်သူလူထုကို ဆင်းရဲတွင်းနက်စေရန်
ဆောင်ရွက်နေခြင်းသာဖြစ်ပါသည်။ လက်ရှိဖြစ်ပေါ်နေသော သဘောထားကွဲလွဲမှုများနှင့်
နိုင်ငံရေး ပြဿနာများသည် ပြည်ထောင်စုကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးနှင့်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ကို ထိခိုက်စေနိုင်ကြောင်း
သတိချပ်ကြရမည်ဖြစ်ပါသည်။
ယနေ့မျက်မှောက်ကာလတွင်
တိုင်းရင်းသား ညီအစ်ကိုများ စည်းလုံးညီညွတ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး
တိုးတက်မည်ကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပ အဖျက်အမှောင့်အုပ်စုများက
နည်းလမ်းပေါင်းစုံ အသုံးပြု၍ နှောင့်ယှက်မှုအမျိုးမျိုး ပြုလုပ်နေသည် မှာ
အားလုံးအသိပင်ဖြစ်ပါသည်။
ပြည့်အင်အားသည်
ပြည်တွင်းမှာသာရှိသည်ဖြစ်ရာ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး “ရေကိုသား၍ အကြားမထင်”
ဆိုသကဲ့သို့ စည်းလုံး ညီညွတ်စွာဖြင့် နိုင်ငံ့အရေးကို ရှေးရှုဆောင်ရွက်ကြ မှသာ
အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင် သော တောင့်တင်းခိုင်မာသည့်
နိုင်ငံတော်ကြီးအဖြစ် ရပ်တည်နိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်၍
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လွတ်လပ်ရေးကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲစေရန်
အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံးဖြစ်သည့် “ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့
ခိုင်မြဲရေး”တို့ကို အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေး တာဝန်အဖြစ်
လေးနက်စွာခံယူပြီး ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ အစဉ်တစိုက်
ထိန်းသိမ်းစောင့်ရှောက်သွားကြရန် တိုက်တွန်း အပ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ
ခင်ဗျား
ယနေ့အချိန်အခါတွင်
မိမိတို့နိုင်ငံ၏ ပကတိလိုအပ်ချက်သည် လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းပြီး နိုင်ငံ တစ်ဝန်း
ထာဝရငြိမ်းချမ်းရေးပင်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးသည် ပဋိပက္ခများမရှိခြင်း ဟူသော
သဘောတရားထက် ပိုမိုလေးနက်မှုရှိပြီး ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းတတ်ခြင်း၊
မတူကွဲပြားမှုကို လေးစားတတ်ခြင်းနှင့် တစ်ဦးကို တစ်ဦး
နားလည်သည်းခံခွင့်လွှတ်ခြင်းတို့အပေါ် တွင် အခြေခံပါသည်။
ငြိမ်းချမ်းရေးသဘောတရားနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးတန်ဖိုးတို့ကို အမှန် တကယ်
လက်ခံကျင့်သုံးမှသာ ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာမှုအသီးအပွင့်ကို အပြည့်အဝ
ခံစားကြရမည်ဖြစ်ပါသည်။
ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေထိုင်နိုင်မှုသည် လူတစ်ဦးချင်းစီ၏ အသိဉာဏ်ပညာပြည့်ဝမှု၊
ဆင်ခြင်တုံတရားရှိမှု၊ တန်ဖိုးထားလေးစားတတ်မှု များပေါ်တွင် မူတည်ပါသည်။
ထို့ကြောင့် နိုင်ငံသားတိုင်း ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ၊ ဗဟုသုတနှင့်
ဆင်ခြင်တုံတရားရရှိစေရေးအတွက် ပညာသင်ယူရာ နေရာအသီးသီးမှအစပြု၍ လေ့ကျင့်ပျိုးထောင်ပြီး
ငြိမ်းချမ်းရေးနှင့် အမျိုးသားရေး စိတ်ဓာတ်များ မွေးမြူကြရမည်ဖြစ်ပါသည်။
ပြည်ထောင်စုကြီးအတွင်း
အယူအဆလွဲမှားမှုများကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေလျက် ရှိသဖြင့်
ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပတ်သက်ဆက်နွှယ်သူများအားလုံးက
အပြုသဘောဖြင့်ပါဝင်ရန် လိုအပ်ပါသည်။ ငြိမ်းချမ်းရေးကို အမှန်တကယ်
လိုလားသည့်ဆန္ဒဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းလိုမှု၊ အပြန်အလှန်နားလည် ယုံကြည်မှု၊
ပွင့်လင်းမြင်သာမှု၊ စိတ်ရှည်သည်းခံမှု များရှိကြမှသာ စစ်မှန်သည့်
ထာဝရငြိမ်းချမ်းရေးကို ရေရှည်တည်တံ့ခိုင်မြဲအောင် တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ရာတွင် ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နိုင်ငံရေး ယဉ်ကျေးမှု
ကို ပိုမိုခိုင်မာအားကောင်းစေရေး ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ပါသည်။
လက်နက်ကိုင်ပြဿနာများနှင့်
ဆူပူအကြမ်း ဖက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများသည် ဖွံ့ဖြိုးမှု အားနည်းသော
တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်သာ အများဆုံးဖြစ်ပေါ်နေကြောင်း တွေ့ရှိရ
ပါသည်။ တည်ငြိမ်အေးချမ်းမှုရှိလျှင် ဒေသဖွံ့ဖြိုးတိုးတက်မှုရှိမည်ဖြစ်ပါသည်။
ပြည်တွင်းတည်ငြိမ် အေးချမ်းမှု ရှိမှသာ တိုင်းပြည်သည် နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေးစသည့် ကဏ္ဍစုံတွင်သာမက တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသစုံတွင်လည်း
ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည်
သဘာဝသယံဇာတ ပေါကြွယ်ဝသည့်အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်
ကောင်းမွန်သော ရေခံ၊ မြေခံများ ရှိပြီးဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုရှိလာပါက
ခေတ် အဆက်ဆက် ဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသများတွင် ကျေးလက်ဒေသများပါမကျန်
ဖွံ့ဖြိုး တိုးတက်လာမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းမှု အားနည်းခြင်းကြောင့်
ဖွံ့ဖြိုး မှုနောက်ကျနေသည့် ဒေသခံပြည်သူလူထု၏ မျက်နှာကိုကြည့်ကာ
သက်ဆိုင်သူအားလုံးက ထောက်ထားစာနာမှုဖြင့် ဝိုင်းဝန်းကြိုးပမ်းပေးကြရန်
လိုအပ်ပါသည်။
ပြည်သူလူထုတစ်ရပ်လုံး
လိုလားတောင့်တသည့် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊
ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးတို့အတွက်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာ ပြီး
သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
သို့ဖြစ်၍
ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို
ဖော်ဆောင်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို
ဦးတည်ကြိုးပမ်းဆောင်ရွက်ကြပါ ရန် တိုက်တွန်းအပ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ
ခင်ဗျား
၂၀၂၀ ပြည့်နှစ်
အထွေထွေရွေးကောက်ပွဲ မဲမသမာမှုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍
ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေ
ကြေညာခဲ့ရပြီး နိုင်ငံတော်တာဝန်များကို တပ်မတော်က ခေတ္တထိန်းသိမ်းရယူခဲ့ရပါသည်။
ထိုသို့ တာဝန်ယူစဉ် ကာလအတွင်း ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေး၊
တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကဏ္ဍအသီးသီးတွင်
ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို
အသစ်ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းစစ်ဆေးခြင်းများအပါအဝင် လွတ်လပ်၍ တရားမျှတသည့်
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ စနစ်တကျ ပြန်လည်ကျင်းပနိုင်ရန် အစဉ်တစိုက်
ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
ပြည်လုံးကျွတ်
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁
ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူခဲ့ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်
မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းပြုစုခြင်းကို
အလေးထားဆောင်ရွက် ခဲ့ပါသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို
နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉
ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။
၂၀၂၅ ခုနှစ်
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို
ဥပဒေနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်သည့်အပြင် လာမည့် ဇန်နဝါရီလ ၁၁
ရက်နေ့ တွင် ရွေးကောက်ပွဲအပိုင်း (၂) ကိုကျင်းပမည်ဖြစ်ကာ ရွေးကောက်ပွဲအပိုင်း (၃) ကိုလည်း
သတ်မှတ်ရက် အတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲတွင်
မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲပေး ခြင်းကို အာမခံချက် အပြည့်ရှိစေရန် မြန်မာအီလက်ထရောနစ်မဲပေးစက်
Myanmar
Electronic Voting Machine (MEVM)ကို
အသုံးပြုလျက်ရှိပါသည်။
မဲအများဆုံးရသူ
အနိုင်ယူစနစ် (FPTP) နှင့် ရောနှောထားသော
ကိုယ်စားလှယ်အချိုးကျစနစ် (MMP) များ ကျင့်သုံးပြီး
တရားမျှတမှု၊ မြင့်မားသော ဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်းသော
အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲရလဒ်များအရ
ပေါ်ထွက်လာ မည့်အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို
လွှဲအပ်သွားမည်ဖြစ်ပါသည်။
တိုင်းရင်းသားများ၏
ဆန္ဒနှင့် လိုလားချက်များကို ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ပေးနိုင်ရန်
လွှတ်တော်အတွင်း တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာရန်
လိုအပ်ပါသည်။ သို့မှသာ လူမျိုးစုအလိုက် လိုလားချက်များ၊ ရည်မှန်းချက်များကို
ပွင့်လင်းမြင်သာစွာ ဆွေးနွေးကာ စုပေါင်းဆုံးဖြတ် အကောင်အထည်ဖော်နိုင်မည်
ဖြစ်ပါသည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အနေဖြင့်လည်း
မိမိတို့အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်သယ်ပိုးနိုင်မည့်၊ မိမိလူမျိုး၊ မိမိ
ဒေသနှင့် နိုင်ငံ့အကျိုးအလေးထားမည့် ပုဂ္ဂိုလ်များကို ရွေးချယ်သွားနိုင်ကြရန်
လိုအပ်ပါသည်။ လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ
ရယူအသုံးချပြီး ဆင်ခြင် တုံတရားဖြင့် ဆုံးဖြတ်ကာ မဲပေးသည့် အလေ့အထကို ဒီမိုကရေစီစနစ်
ထွန်းကားရှင်သန်ရေးအတွက် လေ့ကျင့်မွေးမြူ ကြရမည် ဖြစ်ပါသည်။
သို့ဖြစ်၍
နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ရေရှည်တိုးတက်စေရေးကို အလေးထားပြီး ပြည်သူ
လူထု၏ ပူးပေါင်းပါဝင်မှုဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပဒေစည်းမျဉ်း
စည်းကမ်းများနှင့် အညီ ရယူအသုံးချလျက် စစ်မှန်စည်းကမ်းပြည့်ဝသည့်
ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝ အကောင်အထည် ဖော်ကြပါရန် တိုက်တွန်းအပ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ
ခင်ဗျား
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည်
နိုင်ငံ၏စီးပွားရေး အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်ပါသည်။ အသေးစား၊
အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများမှတစ်ဆင့်
ဒေသတွင်း ဝင်ငွေ တိုးစေရေးကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။
ပြည်တွင်းသုံးစွဲမှုဖူလုံရေး၊ သွင်းကုန်အစားထိုးရေး၊ ပြည်ပဈေးကွက်သို့
ထိုးဖောက်တင်ပို့ရေးတို့အတွက် ဒေသတွင်းထွက်ရှိ သော ကုန်ကြမ်းကိုအခြေခံသည့် MSME လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု စသည့်
ကဏ္ဍအသီးသီးတွင် ထိရောက်စွာ ပံ့ပိုးပေးလျက်ရှိပါသည်။ စီးပွားရေးမြှင့်တင်ရာတွင်
ကုန်ထုတ်လုပ်မှု စွမ်းဆောင်ခြင်းသည် အရေးကြီးပါသည်။ ကုန်ထုတ်လုပ်မှုမှ
ရောင်းကုန်မြှင့်တင်နိုင်ပါသည်။ သို့ဖြစ်၍ ကုန်ထုတ်လုပ်မှု အားပေးဆောင်
ရွက်ရန်လိုသဖြင့် “နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ် လုပ်မှုအားပေးစို့”
ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက် လျက်ရှိပါသည်။
အလားတူ
နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ
ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတကာ ဈေးကွက်သို့
ပိုမိုချိတ်ဆက်နိုင်ရန်အတွက် နည်းပညာအသုံးပြုမှုများ၊ ဒစ်ဂျစ်တယ်
ဈေးကွက်နှင့်ဆက်သွယ်မှု၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းမှု၊ ချေးငွေနှင့်
နည်းပညာပံ့ပိုးမှုတို့ကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ပြည်တွင်းထွက်ကုန်ပစ္စည်းများကို
နိုင်ငံအတွင်း စားရေရိက္ခာဖူလုံမှုအတွက် အဓိကထား ထုတ်လုပ်ရမည်ဖြစ်ပြီး
ထိုမှတစ်ဆင့် တန်ဖိုးမြှင့် ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့်
နိုင်ငံတော်၏ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို အလေး ထားဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။
ဒေသတစ်ခု
ထုတ်ကုန်တစ်ခု (One Region-One Product) စီမံကိန်းချမှတ်၍
ဒေသအလိုက် သဘာဝထွက်ကုန်များကို အသုံးပြုပြီး ခေတ်မီနည်း စနစ်များဖြင့်
နိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်လာစေရန်နှင့် နိုင်ငံခြားသွင်းကုန်အစား
ထိုးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်သွားကြရမည် ဖြစ်ပါသည်။
နိုင်ငံတော်
ဖွံ့ဖြိုးတိုးတက်ရေးကို အသိပညာ၊ အတတ်ပညာရှိသူများဖြင့်သာ တည်ဆောက်နိုင်မည်
ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးမြောက်အောင်မြင်သည်အထိ ပညာ သင်ယူခွင့်ရရှိရေးအတွက်
အခမဲ့ပညာရေးစနစ်နှင့် ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိပါသည်။ ဆရာ ဆရာမများ
တိုးမြှင့်ခန့်ထားရေးနှင့် လိုအပ်သော စာသင်ဆောင်များ၊ စာကြည့်တိုက်များ၊
သင်ထောက်ကူပစ္စည်းများ၊ ရေသန့်စက်များ၊ အားကစားကွင်းများ
ဖြည့်ဆည်းပေးလျက်ရှိပါသည်။ KG+9
ပြီးမြောက်အောင်မြင်သူများ အသက်မွေး ဝမ်းကျောင်းမှုပညာများ သင်ယူနိုင်ရန်
အခြေခံပညာ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၈၉
ကျောင်းကိုလည်း ဖွင့်လှစ်ထားရှိပြီး လူသား အရင်းအမြစ်များကို
မွေးထုတ်ပေးလျက်ရှိပါသည်။ ကျောင်းနေအရွယ်လူငယ်တိုင်း ကျောင်းနေရေး၊ အချိန်မတိုင်မီ
ကျောင်းထွက်မှုမရှိရေး၊ ပညာရေးကို ဆုံးခန်းတိုင်သင်ယူပြီး ကျွမ်းကျင်သူများ၊
ပညာရှင် များ၊ ပါရဂူများဖြစ်အောင် သင်ကြားသင်ယူမွေးထုတ် ပေးနိုင်ကြရန်
တိုက်တွန်းမှာကြားလိုပါသည်။
နိုင်ငံသားတိုင်း
ကျန်းမာကြံ့ခိုင်ရေးအတွက် ရောဂါကြိုတင်ကာကွယ်ရေး၊ ရောဂါဖြစ်ပွားလာပါ က
အရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသမှုပေးနိုင်ရေးနှင့် “ဆေးရုံတိုင်း ဆရာဝန်ရှိရမည်”ဟူသော
မူဝါဒနှင့်အညီ ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ လုံလောက်စေရေး
ဖြည့်ဆည်းပေးလျက် ရှိပါသည်။ လူသားအားလုံးအတွက် ပညာရေးနည်းတူ ကျန်းမာရေးသည်လည်း
အဓိကကျသဖြင့် လူတိုင်း အသက်ရှည်ကျန်းမာအောင် ကိုယ်တိုင်ကျင့်ကြံနေထိုင်ကြရန်နှင့်
ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှု၊ အသိပညာပေးမှုများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးကြရန်
လိုအပ်မည်ဖြစ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ
ခင်ဗျား
၂၀၂၆ ခုနှစ်၊ (၇၈)
နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၄)ရပ်ဖြစ်သော-
ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့သည်
အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသား ရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်
ဖြစ်သည့်အတွက် နိုင်ငံသားအားလုံးက ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲပြီး
ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုးသားစည်းလုံး
ညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဦးတည် ကြိုးပမ်းဆောင်ရွက်ရေး၊ လွတ်လပ်မှုနှင့်
တရားမျှတမှုကို ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရယူအသုံးချပြီး
စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေး၊ ဒေသအလိုက်
သဘာဝထွက်ကုန်များကို အခြေခံကာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်၍ အခြားစီးပွား ရေးကဏ္ဍများကိုလည်း
တိုးတက်အောင် ဆောင်ရွက်ရေး စသည်တို့ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက
ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကျရာ အခန်းကဏ္ဍမှ စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ
အကောင်အထည်ဖော်ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်လျက်
သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ
ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
No comments