အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗား၌ မြေပြိုမှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ ရှိလာ



ဂျကာတာ  ဇန်နဝါရီ  ၂၅

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်၌  မြေပြိုမှုကြောင့် လူသေလောင်း ၁၆ လောင်းကို တွေ့ရှိခဲ့ပြီး ၎င်းတို့ထဲမှ  ခုနစ်ဦးကို  မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ  ၂၄ ရက်တွင် ပြောသည်။

အနောက် ဘန်ဒန်ဒေသရှိ  ဆစ်ဆာရုဧရိယာတွင် အလောင်းများကို  တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အနောက်ဂျာဗားရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟန်ဒရာရိုချ်မာဝမ်က ပြောသည်။ ကျန်သေဆုံးသူ များကို မည်သူမည်ဝါဖြစ်ကြောင်းခွဲခြားနိုင်ရေး ဒီအန်င်အေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဒေသတွင်းဆေးရုံတစ်ခုတွင်  ခေတ္တထားရှိသည်ဟု  ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုစဉ်  အင်ဒိုနီးရှား   အမျိုးသားရှာဖွေရေးနှင့်  ကယ်ဆယ်ရေးအေဂျင်စီက လေ့ကျင့်ပေးထားသည့်  ကယ်ဆယ်ရေးသမား ၂၅၀ ကို ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ရန် တပ်ဖြန့်ချထားခဲ့သည်ဟု သိရသည်။   မြေအောက်၌ နစ်မြုပ်နေသည့် လူပေါင်း  ၈၀ ခန့် ရှိသေးသည်ဟု ခန့်မှန်းထားသည်။

အဆိုပါရှာဖွေရေးစစ်ဆင်ရေးအတွင်း ဒရုန်းများဖြင့် ပံ့ပိုးပေးခြင်းပြုလုပ်ခဲ့ပြီး မြေပြင်အခြေအနေ မတည်ငြိမ်မှုကြောင့်  လေးလံသော စက်ကိရိယာများကို အကန့်အသတ်ဖြင့်သာ အသုံးပြုရကြောင်း အေဂျင်စီက ဆက်လက်ပြောကြားခဲ့သည်။                      

ဆင်ဟွာ

No comments

Powered by Blogger.