မှော်ဘီမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

 



မှော်ဘီ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အရှေ့သရက်ကုန်း-ပျဉ်ထောင်တွင်း ကျေးရွာချင်း ဆက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ဇန်နဝါရီ ၁၇ ရက်က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က ကြည့်ရှုစစ်ဆေးသည်။

အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများသည် အရှေ့သရက်ကုန်း - ပျဉ်ထောင်တွင်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း လမ်းအရှည် ပေ ၂၀၀၀၊ အကျယ် ၁၂ ပေနှင့် ဒု ၇ လက်မ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

အမြဲတမ်း အတွင်းဝန်က လမ်းလုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ အရည်အသွေး ပြည့်မီစေရေး အလေးထား ဆောင်ရွက်ရန်၊ လမ်းအင်္ဂါရပ်နှင့်အညီရှိစေရေးနှင့် လမ်းဆောင်ရွက်ပြီးပါက ရေရှည်ကြံ့ခိုင်ကောင်းမွန် စေရေး ဂရုစိုက်ဆောင်ရွက်ရန်၊ လမ်းကောင်းမွန်မှု သက်တမ်း ကြာရှည်စွာရှိစေရန်အတွက် ရေစီး ရေလာ ကောင်းမွန်ရန် လိုအပ်သောကြောင့် လမ်းဘေးဝဲ/ယာ ရေမြောင်းများအား မဖြစ်မနေ ထည့်သွင်း ဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများ စားဝတ်နေရေး အဆင်ပြေပြည့်စုံစေရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကျယ်ပြန့်စွာ တိုးချဲ့ဆောင်ရွက်ကြရန်၊ အခြေခံ စားသောက်ကုန်နှင့် ဟင်းသီး ဟင်းရွက်များ ထွက်ရှိမှုများပြားစေရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။

အဆိုပါလမ်းသည် ရန်ကုန်- ပြည် လမ်းမကြီးနှင့် အမှတ်(၄)လမ်းမကြီးတို့အား ပြည်လမ်း-အင်းလျက် - ဖန်ခါးကုန်းလမ်းမှ တစ်ဆင့် ဆက်သွယ်ထားသောလမ်း ဖြစ်ခြင်းကြောင့် လမ်းကောင်းမွန် ပါက မှော်ဘီမြို့နယ်အတွင်းရှိ ဒေသထွက်ကုန်များကို မြန်မာနိုင်ငံ အရပ်ရပ်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ခြင်းကြောင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ကောင်းမွန်စေ မည်ဖြစ်ကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)

No comments

Powered by Blogger.