ဖိလစ်ပိုင်တောင်ပိုင်းတွင် ကူးတို့သင်္ဘောတိမ်းမှောက်မှုကြောင့် ၁၈ ဦးသေဆုံး၊ ၂၄ ဦးပျောက်ဆုံး



ဇန်နဝါရီ ၂၆

ဖိလစ်ပိုင်တောင်ပိုင်းရှိ ဘာစီလန်ပြည်နယ်ကမ်းလွန်တွင် ယနေ့နံနက်အစောပိုင်းက လူ ၃၅၀ ထက်မနည်း တင်ဆောင်လာသော ကူးတို့သင်္ဘောတိမ်းမှောက်မှုကြောင့် ရုပ်အလောင်း ၁၈ လောင်းထက်မနည်း ရှာဖွေတွေ့ရှိခဲ့ပြီး ၂၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်၏ တပ်မှူးရိုမယ်လ်ဒူအာက လူ ၃၁၇ ဦးထက်မနည်း ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

M/V Trisha Kerstin 3 သည် ဇမ်ဘိုအန်ဂါမြို့မှ ဆူလူပြည်နယ်ရှိ ဂျိုလိုကျွန်းသို့ ဦးတည်သွားနေစဉ် ဆူလူပင်လယ်ရှိ ဟာဂျီမူတမတ်ရှိ ဘာလုခ်-ဘာလုခ်ကျွန်းအနီးတွင် ယနေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီမထိုးမီကနစ်မြုပ်သွားခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။

အဆိုပါသင်္ဘောသည် ဇန်နဝါရီ ၂၅ ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဇမ်ဘိုအန်ဂါမြို့ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ရိုနီဂီလ်ဂါဗန်က မနီလာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ထိုသင်္ဘောသည် ခရီးသည်ဦးရေ အများဆုံး ၃၅၀ ဆံ့ပြီး သင်္ဘောပေါ်ပါခရီးသည်အရေအတွက်သည် ၃၃၂ ဦးဖြစ်သည်ဟု ဂါဗန်ကဆိုသည်။ ယင်းသင်္ဘောနစ်မြုပ်ရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဂါဗန်က ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.