ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ လိုက်လံကြည့်ရှု၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် ဇန်နဝါရီ ၉
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို
ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့၊ အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့တို့ရှိ
မဲရုံများအားလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်ရှိ မဲရုံများအားလည်းကောင်း၊
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ဒုံးပုလဲအော်ကျေးရွာ၊ ပရည်ကျွန်းကျေးရွာ၊
ဒုံးညောင်မှိုင်းကျေးရွာနှင့် ဒုံးဆွေသန်းကျေးရွာတို့ရှိ မဲရုံများအားလည်းကောင်း တိုင်းဒေသကြီး/ပြည်နယ်များမှ
ဝန်ကြီးချုပ်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ
တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ ရောက်ရှိမှုနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို
သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)
မိုင်းယောင်းမြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်တို့အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အပိုင်း(၂)အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို
အဆိုပါမြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမများ၌ ကျင်းပကြရာ
တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ
တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး နှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက်
ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်
လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
-8.jpg)
No comments