ဂျပန်နိုင်ငံတစ်ဝန်း စံချိန်တင် ဆီးနှင်းကျမှုကြောင့် လူ ၁၀ဦး သေဆုံး



ဇန်နဝါရီ ၂၇

ဂျပန်နိုင်ငံ၌ ဆောင်းရာသီအခြေအနေပြင်းထန်မှုနှင့် ဆီးနှင်းကျမှုနှင့်ဆက်စပ်သော မတော်တဆမှုများကြောင့် ခုနစ်ရက်အတွင်း လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ နီဂါတာစီရင်စုတွင် လူခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသခံအရာရှိများက ပြောကြားခဲ့သည်။ နှင်းများကို ရှင်းလင်းနေစဉ် သို့မဟုတ် အခြားလှုပ်ရှားမှုများအတွင်း လေးဦးသေဆုံးခဲ့သည်ဟု ၎င်းတို့ကဆိုသည်။ နီဂါတာရှိ အခြားသေဆုံးသူများသည် နှင်းများကို ရှင်းလင်းနေစဉ် အိမ်ခေါင်မိုးများပေါ်မှ ပြုတ်ကျခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံ၏ နေရာအနှံ့အပြားတွင် ဆီးနှင်းကျမှု အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး အဆိုးရွားဆုံး ရာသီဥတုသည်ယခုအခါ ပြီးဆုံးသွားပြီဖြစ်ကြောင်း မိုးလေဝသအရာရှိများက ပြောကြားသည်။

နှင်းကျမှုများ ရပ်တန့်သွားသည့် ဒေသများတွင်ပင် နှင်းများ စုပုံမှုသည် နှစ်စဉ်ပျမ်းမျှထက် ကျော်လွန်နေပြီဖြစ်ရာ ဟော့ကိုင်းဒိုးပြည်နယ်၏ မြောက်ဘက်အကျဆုံးစီရင်စုရှိ ဆပ်ပိုရိုတွင် တစ်မီတာကျော် ကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း နှင်းကျဆင်းမှုအများဆုံးဖြစ်သည်။

အာအိုမိုရီစီရင်စု ဟာကိုဒါတောင်တန်းရှိ ဆူကာယုတွင် လေးမီတာခွဲခန့် စုပုံလျက်ရှိပြီး နီဂါတာစီရင်စုရှိ ယူအိုနူးမာမြို့သည် နှစ်မီတာခွဲနီးပါးရှိသော နှင်းများအောက်တွင် နစ်မြုပ်နေခဲ့သည်။

ဟော့ကိုင်းဒိုးမှ ဟိုကူရီကုဒေသအထိ ယနေ့ နေရာအနှံ့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုကြောင့် ဆီးနှင်းများနှင့် လေပြင်းများ ပိုမိုပြင်းထန်လာမည်ဟု ခန့်မှန်းထားသည်။ ဟိုကူရီကုနှင့် ချူဂိုကုဒေသများရှိ နေရာအချို့တွင် မိုးရွာသွန်းဖွယ်ရှိသည်။

ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် မြောက်ဘက်မှ အနောက်ဘက်သို့ လေအေးများ ပြင်းထန်စွာ ရွေ့လျားနေသောကြောင့် ဆီးနှင်းများ ပိုမိုထူထပ်စွာ ကျဆင်းနိုင်ဖွယ်ရှိသည်။

ဒေသအချို့တွင် အပူချိန်များ မြင့်တက်လာပြီး မိုးရွာသွန်းမှု များပြားလာသောကြောင့် နှင်းများထူထပ်စွာ စုပုံနေသော နေရာများရှိလူများသည် နှင်းလျှောစီးခြင်း၊ အိမ်ခေါင်မိုးများပေါ်မှ နှင်းများကျဆင်းခြင်းနှင့် နှင်းများကို ဖယ်ရှားစဉ် မတော်တဆမှုများ ကြုံတွေ့ရနိုင်သဖြင့်သတိပြုသင့်သည်ဟုဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.