အိန္ဒိယနိုင်ငံ၌ အသက်အန္တရာယ်ရှိသော နီပါးရ် ဗိုင်းရပ်စ် ကူးစက်မှုနှစ်ခုဖြစ်ပွာကြောင်း အတည်ပြု



ဇန်နဝါရီ ၃၀

အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ အသက်အန္တရာယ်ရှိသော နီပါးရ်ဗိုင်းရပ်စ် ကူးစက်မှုနှစ်ခု ဖြစ်ပွားကြောင်း ကျန်းမာရေးအာဏာပိုင်များက အတည်ပြုပြောကြားခဲ့သော်လည်း ပိုမိုကျယ်ပြန့်သော ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်သော ထင်ကြေးများကို လျင်မြန်စွာ ငြင်းဆိုခဲ့သည်ဟု သိရသည်။

အဆိုပါကူးစက်မှုနှစ်ခုစလုံးသည် အနောက်ဘင်္ဂလားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံပြောကြားခြင်းမရှိကြောင်း ဖော်ပြထားသည်။

အာဏာပိုင်များက ကူးစက်မှုနှစ်ခုနှင့် ဆက်စပ်နေသူ ၁၉၆ ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်းနှင့် ၎င်းတို့အားလုံးကိုစစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ပိုးမရှိကြောင်း ပြောကြားသည်။

ဗဟိုနှင့် ပြည်နယ်အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ထိုရောဂါကို အချိန်မီထိန်းချုပ်နိုင်ခဲ့သော်လည်း အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး လိုအပ်သောပြည်သူ့ကျန်းမာရေးအစီအမံများအားလုံးကို လုပ်ဆောင်လျက်ရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံကဲ့သို့သော နိုင်ငံများရှိလေဆိပ်များသည် သတိဖြင့်စောင့်ကြပ်ကြည့်ရှုနေကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မလေးရှားနိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ်ကို ၁၉၉၉ ခုနှစ်က ပထမဆုံးတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

နီပါးရ်ဗိုင်းရပ်စ်ရောဂါပိုးရှိသောလင်းနို့များနှင့် ဝက်များကဲ့သို့သော တိရစ္ဆာန်များမှ လူသားများသို့ ကူးစက်နိုင်ပြီး လူမှလူသို့ တိုက်ရိုက်ကူးစက်နိုင်ကြောင်းနှင့် ကာကွယ်ဆေး မရှိကြောင်း ဖော်ပြထားသည်။ ထိုရောဂါသည် ဖျားနာခြင်းနှင့် ဦးနှောက်ရောင်ရမ်းခြင်းကို ဖြစ်စေပြီး သေဆုံးမှုနှုန်း ၄၀ မှ ၇၅ ရာခိုင်နှုန်းကြားရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.