အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနှင့် မြန်မာတိုအကြား တရားရင်ဆိုင်နေခြင်းနှင့် ပတ်သက်၍ ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိင် ပြောကြားသည့် မိန့်ခွန်း

(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်)

 

လေးစားအပ်ပါသော အပြည်ပြည်ဆိုင်ရာတရားရုံး ဥက္ကဋ္ဌကြီး၊ ဂုဏ်သရေရှိ ဒုတိယဥက္ကဋ္ဌကြီးများနှင့် တရားသူကြီးမင်းများ ခင်ဗျား -

 

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ မိမိတို့နိုင်ငံအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုသဘောတူစာချုပ်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ခုခံကာကွယ်ဖို့ ကျွန်တော့်အနေနဲ့ ဤတရားရုံးတော်ရှေ့မှောက်မှာ ရောက်ရှိနေခြင်း ဖြစ်ပါတယ်။

 

၂။ မြန်မာနိုင်ငံဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုသဘောတူစာချုပ်ရဲ့ အခြေခံကျတဲ့အရေးပါမှုကို အပြည့်အဝ အသိအမှတ်ပြုပါတယ်။ မြန်မာနိုင်ငံဟာ စာချုပ်ကို ၁၉၄၉ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၅၆ ခုနှစ်မှာ အတည်ပြုပါဝင်ခဲ့ပါတယ်။ ဤတရားရုံးတော်ခန်းမသို့ မြန်မာနိုင်ငံအနေဖြင့် ရောက်ရှိ လာခြင်းဟာ မိမိတို့နိုင်ငံအတွက် ဤသဘောတူစာချုပ်ရဲ့ အရေးပါမှုကို သက်သေထူခြင်းဖြစ်ပါတယ်။ ယနေ့မှာ ကျွန်တော်တို့ဟာ မိမိတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအပေါ် အလွန်ကြီးလေးသော စွပ်စွဲချက်တစ်ခု ဖြစ်တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုဟူသော စွပ်စွဲချက်မှ နိုင်ငံ၏ဂုဏ်သိက္ခာကို ကာကွယ်ရန် တရားရုံးတော် ရှေ့သို့ ရောက်ရှိနေခြင်း ဖြစ်ပါတယ်။ လူမျိုးသုဉ်းသတ်ဖြတ်မှုဟာ “ရာဇဝတ်မှုများထဲတွင် အဆိုးဝါးဆုံး ရာဇဝတ်မှု” (Crime of Crimes) ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံနှင့် ပြည်သူများအပေါ် ထိုကဲ့သို့သော ဖျက်မရနိုင်တဲ့ အမည်းစက်မျိုး အတင်မခံရစေရေး ကာကွယ်ရန်မှာ အစိုးရ၏တာဝန် ဖြစ်ပါတယ်။

 

၃။ မြန်မာနိုင်ငံသည် စွပ်စွဲချက်များနှင့် ဤအမှုကို အလေးအနက်ထား ဆောင်ရွက်ပါတယ်။ မြန်မာ နိုင်ငံဟာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်တဲ့ ဤတရားရုံးကို အထူးအလေးထား ပါတယ်။ အပြည်ပြည်ဆိုင်ရာဥပဒေကို လိုက်နာရန် အပြည့်အဝကတိပြုထားတဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ယခုကဲ့သို့ ပြင်းထန်စွပ်စွဲချက်များကို တုံ့ပြန်ရန်အတွက် ချေပချက်များကို သေချာစွာ ပြင်ဆင်ထားပါတယ်။ တရားရုံးရဲ့ ပြဋ္ဌာန်းချက်များ (Statute)၊ လုပ်ထုံး လုပ်နည်းများ (Rules of Court) နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခဲ့ပါတယ်။ တရားရုံးက သတ်မှတ်ပေးထားတဲ့ အချိန်ကာလများကိုလည်း အတိအကျလိုက်နာခဲ့ပါတယ်။ တရားရုံးက ချမှတ်ထားတဲ့ ကြားဖြတ်စီမံဆောင်ရွက်မှုများ (Provisional Measures) အကောင်အထည်ဖော်မှု အစီရင်ခံစာများကို ပုံမှန်တင်သွင်းခဲ့ပါတယ်။ နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ အနာဂတ်အတွက် အခြေခံကျတဲ့ ဤတရားစီရင်ရေး လုပ်ငန်းစဉ်များတွင် တာဝန်သိစွာဖြင့် ဆောင်ရွက်ခဲ့ပါတယ်။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးနဲ့ စနစ်အတွင်း တရားရုံးရဲ့အခန်းကဏ္ဍကို မြန်မာနိုင်ငံက အလေးအနက် ကတိပြုထားကြောင်း ပြသခြင်းပင် ဖြစ်ပါတယ်။

 

၄။ ဂမ်ဘီယာနိုင်ငံအနေဖြင့် ထိုကဲ့သို့ အလေးထားဆောင်ရွက်ခြင်းမရှိသည်ကို စိတ်မကောင်းစွာ တွေ့ရပါတယ်။ ဂမ်ဘီယာနိုင်ငံဟာ ဤအမှုရဲ့ ဖြစ်ရပ်မှန်များနှင့် တိုက်ရိုက်သက်ဆိုင်သူ မဟုတ်သော်လည်း လူမျိုးသုဉ်းသတ်ဖြတ်မှု သဘောတူစာချုပ်တွင် ပါဝင်တဲ့ “နိုင်ငံအားလုံး၏ တူညီသော အကျိုးစီးပွား” အတွက် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ သို့သော် ၎င်းအနေနဲ့ တရားရုံးရှေ့မှောက်မှာ အမှုရင်ဆိုင်နေတဲ့ အဖွဲ့အစည်းတစ်ခုအနေဖြင့် လိုက်နာရမယ့် အခြေခံ လိုအပ်ချက်များကိုပင် ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည်ကို တွေ့ရပါတယ်။

 

၅။ ဂမ်ဘီယာက တင်သွင်းတဲ့ အချက်အလက်များနဲ့ ရှာဖွေစုံစမ်းမှုများဟာ သာမန်အချက်အလက် များသာဖြစ်ပြီး ဘက်လိုက်မှုရှိကြောင်းကို မြန်မာဥပဒေအဖွဲ့က သက်သေပြသွားမှာ ဖြစ်ပါတယ်။ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ ၂၀၁၈ ခုနှစ်က ကောက်ချက်များအပေါ် အခြေခံပြီး ဒီအမှုကို ဂမ်ဘီယာက တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ယုံကြည်စိတ်ချရမှု မရှိသည့်အပြင် ဘက်လိုက်မှုရှိတဲ့ အရင်းအမြစ်ကိုသာ ဆက်လက်၍ကိုးကားနေပါတယ်။ ထိုကဲ့သို့ ကိုးကားတင်သွင်းခြင်းဟာ မြန်မာနိုင်ငံအပေါ် တရားစီရင်မှုမပြုမီ ကြိုတင်ပြစ်ဒဏ်ခတ်ခြင်းသာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ကတည်းက ဂမ်ဘီယာဟာ (FFM) ရဲ့ အစီရင်ခံစာများက သက်သေအထောက်အထားများမှာ ခိုင်မာတဲ့ အထောက်အထားများဖြစ်အောင် ကြိုးပမ်းခဲ့ခြင်းမရှိပါ။ ၎င်းတို့သည် ထိုအစီရင်ခံစာများကိုသာ အမှန် တရားများအဖြစ် ဆက်လက်စွဲကိုင်နေပြီး တရားရုံးမှ လက်ခံပေးရန် တောင်းဆိုနေပါတယ်။

 

၆။ ထို့အပြင် တရားရုံးရှေ့မှောက်တွင် ရိုးသားဖြောင့်မတ်စွာ လိုက်နာရမည့် (Good faith) တာဝန်ကို ပစ်ပယ်၍ ဂမ်ဘီယာဟာ သတင်းအရင်းအမြစ်များမှ အချက်အလက်များကို လိုအပ်သလို ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါတယ်။ ရှေ့နေများနှင့် သက်သေများကို အတူတကွထားရှိပြီး ကိုယ်စားလှယ် အဖွဲ့ဝင်များတွင် NGOs အဖွဲ့ဝင်များ ပါဝင်နေခြင်းဟာ အမှုအတွက်ရောထွေးမှုများကို ဖြစ်စေခဲ့ ပါတယ်။ ဤသည်မှာ တရားစီရင်ရေးလုပ်ငန်းစဉ်ရဲ့ ဂုဏ်သိက္ခာကို အထောက်အကူမပြုနိုင်သည့်အပြင် ဂမ်ဘီယာဘက်က တင်ပြလာတဲ့ အထောက်အထားများရဲ့ ခိုင်မာမှုကို ကြီးစွာသံသယဖြစ်စေပါတယ်။

 

ဥက္ကဋ္ဌကြီးနှင့် တရားသူကြီးမင်းများ ခင်ဗျား

၇။ လူမျိုးသုဉ်းသတ်ဖြတ်မှုစွပ်စွဲချက်ကို ယခုလို စနစ်ကျနမှုမရှိ၊ သတ်မှတ်သည့်စံနှုန်းများနဲ့လည်း ကိုက်ညီမှုမရှိဘဲ ကိုင်တွယ်ရသည်မှာ အလွန်ပင်စိုးရိမ်စရာဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ တရားရုံးတော်အနေနဲ့ အရေးကြီးတဲ့ မေးခွန်းတစ်ခုကို ဖြေကြားရမှာ ဖြစ်ပါတယ်။ ယင်းမေးခွန်း ကတော့ “၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးများအတွင်း မြန်မာနိုင်ငံဟာ အုပ်စုတစ်ခု၏ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အုပ်စုတစ်ခုလုံး ကိုဖြစ်စေ ဖျက်ဆီးလိုသော ရည်ရွယ်ချက်နဲ့ လူမျိုးသုဉ်းစေမှုသဘောတူစာချုပ်ကို ဆန့်ကျင်၍ ဆောင်ရွက်ခဲ့ခြင်းရှိ/ မရှိ” ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဂမ်ဘီယာအနေနဲ့ အမှုနဲ့ဆက်စပ်နေသော သက်သေပြရန် တာဝန်ကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံက ခိုင်မာစွာ ထုတ်ဖော်ပြသ လိုပါတယ်။ မြန်မာနိုင်ငံအနေဖြင့် သက်သေပြရန် တာဝန်မရှိသော်လည်း ဂမ်ဘီယာရဲ့ သက်သေ အထောက်အထားများ ခိုင်မာမှု ရှိ/ မရှိ နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ထောက်ပြနိုင်ခဲ့ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ အတည်မပြုနိုင်တဲ့ တစ်ဆင့်စကားများနဲ့ ဘယ်သူထွက်ဆိုလို့ ထွက်ဆိုထားမှန်း မသိတဲ့ သက်သေထွက်ဆိုချက်များအပေါ် အသိအမှတ်ပြု ဆောင်ရွက်မည်ဆိုပါက ချေပရန် အခက်အခဲ ဖြစ်စေမှာဖြစ်ပါတယ်။

 

ဥက္ကဋ္ဌကြီးနှင့် တရားသူကြီးမင်းများ ခင်ဗျား

၈။ ဒီအမှုဟာ အခြေအမြစ်မရှိသော စွပ်စွဲချက်များထက် ခိုင်လုံသော၊ သက်သေပြနိုင်သော အချက်အလက်များပေါ်တွင်သာ မူတည်ပါတယ်။ တိကျခိုင်မာသော အချက်အလက်များကို စိတ်ထိခိုက်လှုပ်ရှားဖွယ်စကားလုံးများနဲ့ အချက်အလက်ခိုင်မာမှုမရှိတဲ့ သရုပ်ဖော်ပြောကြားမှုများနဲ့ အစားထိုးနိုင်မည်မဟုတ်ပါ။ ဒီအမှုဟာ ဥပဒေရဲ့မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုခြင်းအပေါ် မူတည် နေပြီး ဂမ်ဘီယာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များဟာ ရုံးတော်ရဲ့ ယခင်စီရင်ထုံးများကို လျစ်လျူရှုပြီး ဥပဒေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ၎င်းတို့ လိုရာဆွဲထားခြင်းဖြစ်ကြောင်းကို မိမိတို့ရဲ့ ရှေ့နေများက လျှောက်လဲတင်ပြသွားမှာဖြစ်ပါတယ်။

 

၉။ ဒီအမှုကို ဆုံးဖြတ်ရာမှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကို ချန်လှပ်ထားလို့မရပါ။ အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် “နယ်မြေရှင်းလင်းရေး” (Clearance Operations) များ ပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ အထူးရှင်းပြလိုတာကတော့ ဒီအသုံးအနှုန်းဟာ စစ်ဘက်ဆိုင်ရာအသုံးအနှုန်း (Term of military art) တစ်ခုသာဖြစ်ပြီး၊ သောင်းကျန်းမှုနှိမ်နင်းရေး သို့မဟုတ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို ရည်ညွှန်းပါတယ်။ ဒီအသုံးအနှုန်းကို ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုမှုရှိပါတယ်။ ဂမ်ဘီယာအနေနဲ့ တိကျမှုမရှိတဲ့ အချက်အလက်များကို အခြေခံပြီး တရားရုံးကို ဆုံးဖြတ်ချက် ချစေရန် ကြိုးပမ်းနေပါတယ်။

 

၁၀။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် စစ်ဆင်ရေးများနှင့်ပတ်သက်လို့ ဂမ်ဘီယာက ARSA အကြမ်းဖက် အဖွဲ့၏ လုပ်ဆောင်ချက်များကို ငြင်းဆိုထားခြင်းမရှိသော်လည်း အစိုးရက လိုအပ်၍တုံ့ပြန် ဆောင်ရွက်မှုများကိုမှု ငြင်းဆိုလိုတဲ့ သဘောရှိပါတယ်။ သို့သော် မြန်မာနိုင်ငံအစိုးရအနေနဲ့ ရခိုင် ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်သမားများကို စိတ်ကြိုက်ချယ်လှယ်ခွင့်ပေးထားသင့်တယ်လို့ ဂမ်ဘီယာက ဆိုလိုနေခြင်းမဟုတ်နိုင်ပါ။ တုံ့ပြန်ရာမှာ အင်အားအလွန်အကျွံ သုံးခဲ့တယ်လို့ ဂမ်ဘီယာက အဓိကပြောလိုခြင်းသာ ဖြစ်ပါတယ်။ အကယ်၍ အင်အားအလွန်အကျွံသုံးခဲ့မည် ဆိုလျှင်ပင် လူမျိုးသုဉ်းစေမှု မြောက်မည်မဟုတ်ပါ။

 

၁၁။ ပဋိပက္ခများရဲ့ နောက်ဆက်တွဲအနေနဲ့ သေဆုံးမှုများရှိခဲ့ပြီး၊ လူအများအပြား ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ခွာသွားသည်မှာ အမှန်ပင်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ အခြားသော လက်နက်ကိုင် ပဋိပက္ခများနှင့် မတည်ငြိမ်မှုများ၊ မြန်မာနိုင်ငံရဲ့ အခြားဒေသများတွင် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်များ ကဲ့သို့ပင် ဒေသခံပြည်သူများအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိခဲ့ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ၊ ဒေသတွင်းမတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်သေဆုံးမှုများကို မြန်မာ နိုင်ငံအနေဖြင့် ကောင်းစွာသိရှိပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ အခြားဒေသများတွင်လည်း သမိုင်း တစ်လျှောက် လက်နက်ကိုင်ပဋိပက္ခများ ရှိခဲ့ပြီး ယနေ့အချိနိအထိလည်း ရှိနေဆဲဖြစ်ပါတယ်။ အစိုးရ အနေဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိရန်အတွက် ပါဝင်ပတ်သက်သူများအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှု များကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

 

၁၂။ သို့သော် ငြိမ်းချမ်းရေးဆီသို့ လျှောက်လှမ်းရာ လမ်းကြောင်းများဟာ ရှုပ်ထွေးပါတယ်။ ရခိုင် ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်များအတွက် မည်ကဲ့သို့ ရှေ့ဆက်ရမည် သို့မဟုတ် မည်သည်တို့ကို မျှော်လင့်ရမည် စသည့်ကိစ္စရပ်များကို ယခုတရားရင်ဆိုင်နေသည့် ပြဿနာရပ်ရဲ့ ကျဉ်းမြောင်းသော အမြင်တစ်ခုတည်းနဲ့ တရားရုံးက ဆုံးဖြတ်ခြင်းမပြုနိုင်ပါ။ တရားရုံးအနေဖြင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုူများအတွက် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်များကို ကိုယ်စားပြုသည်ဟု မမှတ်ယူနိုင်ပါ။ ထို့အတူ တရားရင်ဆိုင်ခြင်းတွင် ပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်းများကလည်း ၎င်းတို့ကို ကိုယ်စားပြုသည်ဟု မမှတ်ယူနိုင်ပါ။

 

၁၃။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ငလျင်ဘေး၊ ရေဘေး၊ မုန်တိုင်းဘေး စတဲ့ သဘာဝဘေး အန္တရာယ်များအပြင် ဘဏ္ဍာရေးအကြပ်အတည်း၊ အရေးပေါ်အခြေအနေများနှင့် ပြည်တွင်း မတည်ငြိမ်မှုများစတဲ့ စိန်ခေါ်မှုများ ဆက်လက်ရင်ဆိုင်နေရပါတယ်။ အဆိုပါ အခြေအနေ များကြားမှ ရခိုင်ပြည်နယ်မြောက်ပိုင်း ကိစ္စရပ်များကို ဖြေရှင်းရန် စဉ်ဆက်မပြတ် ဆောင်ရွက် ခဲ့ပါတယ်။ အသေးစိတ် အချက်အလက်များကို တရားရုံးရဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်နဲ့အညီ မြန်မာနိုင်ငံက ပုံမှန်တင်သွင်းတဲ့အစီရင်ခံစာတွေမှာ တင်ပြခဲ့ပါတယ်။

 

ဥက္ကဋ္ဌကြီးနှင့် တရားသူကြီးမင်းများ ခင်ဗျား

၁၄။    ဂမ်ဘီယာက မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်များအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုကျူးလွန်ခဲ့ပြီး မြန်မာနိုင်ငံက ၎င်းတို့ရဲ့တည်ရှိမှုနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခွင့်ကို အသိအမှတ် မပြုဘူးလို့ စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲချက်ဟာ မှန်ကန်မှုမရှိပါ။ ၎င်းတို့ဟာ မြန်မာနိုင်ငံရဲ့ နယ်မြေအတွင်း နေထိုင်ခွင့်ရှိသူတွေဖြစ်ကြောင်းကို မြန်မာနိုင်ငံအနေနဲ့ အသိအမှတ်ပြုပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီများဟာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှာ နေထိုင်သူများနဲ့ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာရေးတို့အရ တူညီတဲ့အုပ်စုတစ်ခုအဖြစ်  မြန်မာနိုင်ငံအနေနဲ့ မှတ်ယူ ပါတယ်။ ယင်းသို့တိုင်အောင် လူမျိုးသုဉ်းစေမှုဆိုင်ရာ စာချုပ်ရဲ့ အဓိပ္ပာယ်အောက်မှာ မြန်မာနိုင်ငံ အနေနဲ့ ၎င်းတို့ဟာ ထို အုပ်စုဝင်ဖြစ်ကြောင်း လက်ခံပါတယ်။ တစ်နည်းအားဖြင့် တရားရုံးအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်နေကြသူတွေဟာ စာချုပ်ရဲ့ အဓိပ္ပာယ်ကောက်ယူမှုအရ အကာ အကွယ်ပေးထားတဲ့ အုပ်စုတစ်စုလို့ ဆုံးဖြတ်ခဲ့လျှင်ပင် ၎င်းတို့ရဲ့ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာရေး တွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်မြေမှာ နေထိုင်နေသူတွေနဲ့ မတူကွဲပြားတယ်လို့  မမှတ်ယူနိုင်ပါ။ ဤအခြေခံဖြင့်ယူဆမယ်ဆိုရင် တရားရုံးအနေဖြင့် နယ်စပ်တစ်ဖက်တစ်ချက်မှာ နေထိုင်သူများရဲ့ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာရေးတွေကို နှိုင်းယှဉ်သုံးသပ်ဖို့ လိုတော့မှာ မဟုတ် ပါဘူး။

 

၁၅။ ဂမ်ဘီယာက မြန်မာနိုင်ငံအနေနဲ့ “ရိုဟင်ဂျာ” ဟူသောအမည်ကို တရားဝင်အသုံးမပြုဘဲ “ဘင်္ဂါလီ”ဟုသာ အသုံးပြုတယ်လို့ ကန့်ကွက်ပါတယ်။ ဒါပေမဲ့ ဒီလိုသုံးနှုန်းရတာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိတယ်ဆိုတဲ့အချက်ကိုတော့ ဂမ်ဘီယာက မရှင်းပြခဲ့ပါ။ အုပ်စုတစ်ခုကို  အမည်တစ်ခုတပ်ပြီး ခေါ်ဝေါ်သုံးစွဲမှု မပြုခြင်းဟာ ယင်းလူမျိုးများ ဖြစ်တည်မှု/ ဖြစ်တည်ခွင့်မရှိဟု သော်လည်းကောင်း သို့မဟုတ် ဒီအုပ်စုကို ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဇီဝပိုင်းဆိုင်ရာ ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိသည်ဟုသော်လည်းကောင်း မယူဆနိုင်ပါ။

 

၁၆။ ဂမ်ဘီယာက မြန်မာသည် ၎င်းအုပ်စုရဲ့ အဖွဲ့ဝင်များကို နိုင်ငံသားအဖြစ် အသိအမှတ်မပြု ကြောင်းလည်း စွပ်စွဲထားပါတယ်။

 

၁၇ဒီကိစ္စဟာ တရားရုံးရှေ့မှောက်မှာရှိနေတဲ့ အမှုနဲ့မသက်ဆိုင်သင့်ပါ။ လူမျိုးသုဉ်းစေမှုကို တားဆီးခြင်းဆိုင်ရာ စာချုပ်ဟာ စာချုပ်ဝင်နိုင်ငံတွေအပေါ် မည်သည့်အုပ်စုကို နိုင်ငံသားသတ်မှတ် ပေးပါလို့ ပြောကြားခွင့်မရှိပါဘူး။ နိုင်ငံသားဖြစ်မှုဆိုတာ သတ်မှတ်ထားတဲ့ စံနှုန်းများနဲ့ ပြည့်မီခြင်း ရှိ-မရှိအပေါ် မူတည်တဲ့ တစ်ဦးချင်းစီရဲ့ အခွင့်အရေးသာဖြစ်ပါတယ်။ အကာအကွယ်ပေးထားတဲ့ အုပ်စုဝင် ဖြစ်ခြင်း-မဖြစ်ခြင်းနဲ့ နိုင်ငံသားဖြစ်ခွင့် ရှိခြင်း-မရှိခြင်းတို့ဟာ သီးခြားကိစ္စတွေဖြစ်ပါတယ်။ အုပ်စု တစ်စုကို အလိုအလျောက် နိုင်ငံသားဖြစ်ခွင့် မပေးခြင်းဟာ ၎င်းတို့ တည်ရှိပိုင်ခွင့်မရှိဟုသော် လည်းကောင်း၊ ၎င်းတို့ကို ဖျက်ဆီးလိုခြင်းသော်လည်းကောင်း ဆိုလိုခြင်းမဟုတ်ပါ။

 

၁၈။ ယခုကိစ္စဟာ ဒီအမှုနဲ့ သက်ဆိုင်ခြင်းမရှိသော်လည်း ဂမ်ဘီယာရဲ့ ပြောဆိုချက်များဟာ မမှန် ကြောင်း ကျွန်တော်အနေနဲ့ အလေးပေးပြောကြားလိုပါတယ်။ အမှန်တကယ်မှာတော့ ဘင်္ဂါလီ အများ အပြားဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံသားအမျိုးအစား သုံးမျိုးအနက် တစ်မျိုးမျိုးရရှိထားကြပါတယ်။ တစ်ချို့ကလည်း နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရန် သတ်မှတ်ချက်နဲ့ ကိုက်ညီသူများ ဖြစ်ကြပါတယ်။ တချို့ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့် စံနှုန်းများနဲ့ မကိုက်ညီကြသူများဖြစ်ပါတယ်။ ဒီလို ဖြစ်ရတာလဲ အကြောင်းရင်းများ ရှိပါတယ်။

 

၁၉။ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူများအတွက် ပထမအဆင့်ဟာ နိုင်ငံသားစိစစ်မှုခံယူမည့် ကတ်ပြား (NVC) ကို လျှောက်ထားရမှာဖြစ်ပါတယ်။ ယခုအခါ နိုင်ငံအတွင်းမှာ နိုင်ငံသားစိစစ်ရေး ကတ်ကိုင်ဆောင်သူ နှစ်သိန်းနီးပါးနဲ့ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်မှုခံယူမည့် ကတ်ပြား (NVC) ကိုင်ဆောင်သူ ငါးသောင်းနီးပါးရှိပါတယ်။ သို့ပေမဲ့ NVC ကတ်လျှောက်ထားပြီး နိုင်ငံသားဖြစ်ရန် အရည်အချင်း မပြည့်မီသူများအနေနဲ့လည်း NVC ကတ် ကိုင်ဆောင်သူများအနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ ဥပဒေနဲ့အညီ ဆက်လက်နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။

 

၂၀။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအများအပြားဟာ NVC လုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ဖို့ ငြင်းဆန်ကြပါတယ်။ အချို့က ဘင်္ဂါလီများကို လျှောက်ထားရန်မလိုဘဲ အလို အလျောက် နိုင်ငံသားဖြစ်ခွင့် ပေးသင့်တယ်ဆိုတဲ့ နိုင်ငံရေးအကြောင်းပြချက်နဲ့ ငြင်းကြပါတယ်။ အချို့ က တက်ကြွလှုပ်ရှားသူများရဲ့ ဖိအားပေးမှုကြောင့် ငြင်းဆန်ကြပါတယ်။ အချို့က NVC လျှောက်ထား သူတိုင်းဟာ နိုင်ငံသားဖြစ်ခွင့် မရတော့ကြောင်း တက်ကြွလှုပ်ရှားသူများရဲ့ သတင်းမှားတွေကြောင့် ငြင်းဆန်ကြပါတယ်။ ဒီအချက်အားလုံးဟာ လူမျိုးသုဉ်းစေမှုနဲ့ မည်သို့မှ မသက်ဆိုင်ပါ။

 

၂၁။ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံသားအားလုံး အပေါ် အခွင့်အရေး တန်းတူပေးထားပါတယ်။ ၎င်းတို့ရဲ့ ဇစ်မြစ်ကြောင့်လည်းကောင်း၊ ယုံကြည်မှု ကြောင့်လည်းကောင်း မည်သူ့အပေါ်မှ နိုင်ငံရေးအရ ခွဲခြားဆက်ဆံခြင်းမရှိပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၃၉၁-က)အရ အရည်အချင်းပြည့်မီသော နိုင်ငံသားတိုင်း မဲပေးခွင့် ရရှိပါတယ်။ ယင်းတို့အထဲတွင် လက်ရှိ ရွေးကောက်ပွဲများမှာ မဲပေးရန် အရည်အချင်းပြည့်မီသော ဘင်္ဂါလီများ ၁၅၄၀၄၉ ဦးရှိပါတယ်။

 

၂၂။ ယခုအခါ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ၂၈-၁၂-၂၀၂၅ ရက်မှစ၍ အဆင့် သုံးဆင့်ခွဲကာ ကျင်းပလျက်ရှိပြီး၊ ရွေးကောက်ပွဲတွင် လူမျိုးမရွေး၊ ဘာသာမရွေး မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ လာရောက်မဲပေးခဲ့ကြပါတယ်။ နိုင်ငံရေးပါတီ (၅၇) ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်း (၄၈၆၁) ဦးတို့မှာ ရခိုင်ပြည်နယ်အပါအဝင် မဲဆန္ဒနယ်ပေါင်းစုံမှာ ပါဝင်ယှဉ်ပြိုင်လျက် ရှိပါတယ်။

 

၂၃။     လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သူများကို အောင်မြင်စွာ ပြန်လည်လက်ခံနိုင်ရေးအတွက် သန္နိဋ္ဌာန်ချထားပါတယ်ဆိုတာကို ရှင်းလင်းစွာ ပြောကြားလိုပါတယ်။

 

၂၄။ မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ၁၉၇၈ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်တို့တွင် လူအများအပြား ထွက်ခွာမှုရှိခဲ့ပါတယ်။ (၂)ကြိမ်စလုံးမှာ နှစ်နိုင်ငံသဘောတူ ညှိနှိုင်းချက်များဖြင့် မြန်မာဘက်မှ ပြန်လည် လက်ခံနိုင်ခဲ့ပါတယ်။

 

၂၅။ ထို့အတူ ၂၀၁၆ နဲ့ ၂၀၁၇ ဖြစ်စဉ်များနောက်ပိုင်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား လျင်မြန်စွာ သဘောတူညီချက်များ ပြုလုပ်နိုင်ခဲ့ပြီး၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများဖြင့် ပြန်လည်ဝင်ရောက် လာသူများကို ပြန်လည်လက်ခံနေရာချထားရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနဲ့ အလုပ်အကိုင် ဖော်ဆောင်ရေးအပါအဝင် အစစအရာရာ ပြင်ဆင်ဆောင်ရွက်ထားခဲ့ပါတယ်။

 

၂၆။ ၂၀၁၉ ခုနှစ်မှစ၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံတို့မှ လုပ်ငန်းအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲများ  အဆင့်မြင့် အရာရှိကြီးများအဆင့်နဲ့ ဒုတိယဝန်ကြီးအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါတယ်။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်ထားသည့် အခြေအနေများကိုလည်း သံတမန်များ၊ နေရပ်စွန့်ခွာသူ ကိုယ်စားလှယ်များနဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများကို ဖိတ်ကြားပြသ ရှင်းလင်းခဲ့ပါတယ်။ ထို့ပြင် NV ကတ် ထုတ်ပေးရေးနဲ့ နိုင်ငံသားလျှောက်ထားနိုင်ရေးအတွက် one stop service ဝန်ဆောင်မှုအပါအဝင် ရောက်ရှိလာသူများအတွက် ဘက်ပေါင်းစုံ ပြန်လည်နေရာ ချထားရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များဖြစ်သည့် ယာယီအသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပစ္စည်းများနဲ့ ယာယီတည်းခိုရန်နေရာများ၊ ယခင်နေထိုင်ခဲ့သည့် မူလနေရာများ နဲ့ အနီးဆုံးနေရာများတွင် နေထိုင်နိုင်ရေးအစီအမံများ၊ လယ်ယာစိုက်ပျိုးနိုင်ရေးအတွက် မြေများခွဲဝေ ချထားရေး အစီအစဉ်များ ဝင်ငွေရရှိနိုင်မည့် အစီအစဉ်များ၊ ဆေးဝါးကုသရေးနှင့် ပညာသင်ကြားရေး ဆိုင်ရာနေရာများ စီစဉ်ထားရှိပါတယ်။  

 

၂၇မြန်မာနိုင်ငံအနေဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်း မိုခါကြောင့်လည်းကောင်း၊ အဆိုပါ ဒေသ အတွင်းမှာတွင်ပင် ဖြစ်ပွားခဲ့သော နယ်မြေလုံခြုံရေး မတည်ငြိမ်မှုများကြောင့်လည်းကောင်း အမျိုး မျိုးသော အကြောင်းတရားများကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်မှာ နှောင့်နှေး ကြန့်ကြာခဲ့ရပါတယ်။

 

၂၈။ ယခုတရားရင်ဆိုင်မှုကို အသုံးချပြီး လူမျိုးသုဉ်းစေမှုဆိုင်ရာကွန်ဗင်းရှင်းနဲ့ မဆိုင်သော လိုရာဆွဲ အစီအစဉ်များဖြစ်သည့် “ရိုဟင်ဂျာ”ဆိုသော အမည်နာမကို တရားဝင်အသုံးပြုခွင့်ပြုရေး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသူများကို မြန်မာနိုင်ငံသို့ ပြန်ရောက်သည်နှင့် အလိုအလျောက် နိုင်ငံသားပေးရန် တောင်းဆိုနေသည်ကို တွေ့ရှိရပါတယ်။

 

ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျား

၂၉။ မြန်မာနိုင်ငံက တရားရုံးအနေဖြင့် ယခုအမှုကြားနာစဉ် ကာလအတွင်း လူမျိုးသုဉ်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်း၏ ၁၉၄၈ ခုနှစ်တွင် အလေးထား ညှိနှိုင်းသဘောတူထားပြီးဖြစ်သော အဓိပ္ပာယ်ဖွင့်ဆို ချက်များနဲ့သာ ယှဉ်ထိုးသုံးသပ်ပြီး ယင်းတို့ထက် ပိုမိုဆောင်ရွက်ခြင်းမပြုပါရန်နဲ့ ဤကွန်ဗင်းရှင်းနဲ့ ပတ်သက်၍ တရားရုံးက ကောင်းစွာဆုံးဖြတ်ဆောင်ရွက်ထားပြီးဖြစ်သော ဘော့စနီးယားနိုင်ငံနဲ့ ခရိုအေးရှားနိုင်ငံအမှုတို့တွင် လိုက်နာကျင့်သုံးခဲ့သော အမှု၏ စီရင်ထုံးဥပဒေကိုသာ လိုက်နာရန် တင်ပြ တောင်းဆိုလိုပါတယ်။ မြန်မာနိုင်ငံက တရားရုံးအနေဖြင့် သက်သေအထောက်အထားများကို အသေးစိတ် ကြည့်ရှုစေလိုပြီး အချက်အလက်များကို တရားသူကြီးများ၏ ဆင်ခြင်တုံတရားနဲ့သာ ဆုံးဖြတ်စေလိုပါတယ်။ တရားရုံးအနေဖြင့် လွတ်လပ်စွာ၊ မျှတစွာ ဆောင်ရွက်မည်၊ သက်သေ အထောက်အထားများကို အထောက်အထားဆိုင်ရာ စည်းမျဉ်းများအပါအဝင် ရှိရင်းစွဲဥပဒေ စည်းမျဉ်း များနဲ့အညီ ယထာဘူတကျကျ သုံးသပ်မည်ဟု မြန်မာနိုင်ငံက ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အချက်အလက်စုဆောင်းရေးအဖွဲ့ (FFM)၊ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) တို့၏ ဘက်လိုက်မှုကို လက်မခံသကဲ့သို့ ဂမ်ဘီယာက အသုံးပြုသည့်အချက်အလက်များမှာ တိကျမှုနဲ့ ယုံကြည်စိတ်ချမှုရှိသည်ကို လက်မခံပါ။ သို့ဖြစ်ရာ တရားရုံးအနေဖြင့် သက်သေအထောက်အထားများကို ကိုယ်တိုင်တွက်ဆပြီး အခြားအဖွဲ့ အစည်းများ၏ သုံးသပ်ချက်၊ ထင်မြင်ချက် အထူးသဖြင့် ခိုင်လုံသည့်သက်သေများ မဟုတ်ပါက ယုံကြည်ကိုးကားခြင်း မပြုစေလိုပါ။

 

၃၀။ တရားရုံးသည် နိုင်ငံများအချင်းချင်း ပဋိပက္ခများ ဖြေရှင်းရေးဆိုသည့် အလွန်အရေးကြီးသည့် အဓိကတာဝန်ကို ထမ်းဆောင်ပါတယ်။ အချို့က တရားရုံးကို ကမ္ဘာ့အလယ်တွင် နိုင်ငံရေး လှုပ်ရှားသည့် နေရာအဖြစ်အသုံးချပြီး ကြွားဝါခြင်း၊ အရေးပါကြောင်းပြသခြင်း သို့မဟုတ် စာချုပ်များ၏ အနှစ်သာရထက် စာချုပ်များကို နိုင်ငံရေးအကျိုးအမြတ်အတွက် အလွယ်တကူ အသုံးပြုနိုင်ရန် ဆောင်ရွက်ကြပြီး တရားရုံး၏ အဓိကတာဝန်ကို အထင်သေးကြပါတယ်။  

 

၃၁။ သို့ဖြစ်ရာ တရားရုံးအနေဖြင့် ယခင်က တည်ဆောက်ခဲ့သည့်ဥပဒေများ၏ အရေးကြီးမှုကို သိရှိပြီး နိုင်ငံများပါဝင် အသုံးပြုနိုင်ရန်ရည်ရွယ်ချက်ဖြင့် စာချုပ်များထိရောက်‌အောင် ဆောင်ရွက်လေ့ ရှိပါတယ်။ ယင်းအချက်မှာ အငြင်းပွားဖွယ်ရာမရှိပါ။ တရားဥပဒေစိုးမိုးရေးအတွက်လည်း အလွန် အရေးကြီးပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းကလည်း ပဋိပက္ခများဖြေရှင်းနိုင်ရေးအတွက် တရားရုံး အပါ် ယုံကြည်အားကိုးကြခြင်းဖြစ်ပါတယ်။         

 

ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျား

၃၂ဥက္ကဋ္ဌကြီးနှင့် တရားသူကြီးများကို ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီး ဒေါက်တာ စတိတ်ကာကို လျှောက်လဲခွင့်ပေးဖို့ တင်ပြလိုပါတယ်။

No comments

Powered by Blogger.