ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဆည်ရေဖြင့် နွေနှမ်းဧက ၃၃၇၀၀ ကျော် လျာထားစိုက်ပျိုးမည်



ပွင့်ဖြူ ဇန်နဝါရီ ၂၈

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ဆီစားသုံးမှု ဖူလုံစေရေးအတွက် မဲဇလီရေလွှဲ ဆည်ရေဖြင့် နွေနှမ်းစိုက်ဧက ၃၃၇၀၀ ကျော် အထိ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် နှစ်စဉ်အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်နှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး မြေပဲ၊ နှမ်း၊ နေကြာသီးနှံနှင့် ပန်းနှမ်းတို့ကို တစ်နှစ်ပတ်လုံး အားထားစိုက်ပျိုးကြကြောင်းသိရပြီး ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်းစိုက်ဧက ၃၃၇၃၇ ဧကအထိ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆီစားသုံးမှု ဖူလုံပိုလျှံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် ရည်ရွယ်ပြီး ဆီထွက်သီးနှံ နွေနှမ်းစိုက်ပျိုးခြင်းကို မဲဇလီရေလွှဲဆည်ရေနဲ့ ၃၃၇၃၇ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ နွေနှမ်းစိုက်ပျိုးတောင်သူတွေကိုလည်း သီးနှံတွေ အချိန်မီ စိုက်ပျိုးနိုင်အောင် စိုက်ပျိုးရေ အလုံအလောက်ရရှိဖို့၊ အထွက်နှုန်းကောင်းတဲ့ မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်ဖို့၊ စိုက်နည်းစနစ်တွေ မှန်ကန်စေဖို့၊ စိုက်ပင်အရေအတွက် ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ စတဲ့တောင်သူပညာပေးလုပ်ငန်းတွေကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲ ဆည်ရေဖြင့် စပါး၊ နှမ်း၊ အခြားနွေသီးနှံများ စိုက်ပျိုးကြကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

No comments

Powered by Blogger.