နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇန်နဝါရီ ၂၆
လယ်ဝေးမြို့နယ် ချောင်းခွကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၂၁၅၄) တောင်သူ ဦးအောင်ဆန်း၏ ဆောင်းမြေပဲ ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဆိုပါကွင်းအတွင်းရှိ စိုက်ပျိုးမြေများအား မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြေအရည်အသွေး(HP) တိုင်းတာစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တောင်သူများ မြေပဲစိုက်ခင်းအတွင်း ပိုးသတ်ဆေးဖျန်းနေမှုကိုလည်းကောင်း၊ ပင်ငါးမြှောင်- ချောင်းခွ-ချောင်းတိမ်လမ်းပေါ်ရှိ ချောင်းခွရွာအဝင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေကျော် ပေ ၇၀ ပြုပြင်ခြင်း လုပ်ငန်းခွင်ကိုလည်းကောင်း ကြည့်ရှုသည်။
ယင်းနောက် ချောင်းခွကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား သွားရောက် ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဒေသခံတောင်သူများ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး တောင်သူများအား ရေဆင်းစပ် မျိုးနေကြာ-၁၊ ပိုက်ဆံလျှော်၊ သဘာဝမြေဩဇာနှင့် နယ်မြေခံလုံခြုံရေး ဆောင်ရွက်နေသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့များအား ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ချောင်းခွကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ လယ်ဝေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း-၃ စီမံချက်ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် လယ်ဝေးမြို့နယ် ချောင်းခွကျေးရွာ အုပ်စု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ချောင်းခွ- ပင်ငါးမြှောင်- ချောင်းတိမ် ကျေးရွာချင်းဆက်လမ်းအား ကျောက်ရော မြေဖြင့် လမ်းအနိမ့်အမြင့်ဖြေ၍ ပြုပြင်ခြင်းလုပ်ငန်း ကိုလည်းကောင်း၊ လယ်ဝေးမြို့နယ် H-1 လမ်း (ရန်ကုန်-မန္တလေးလမ်းဟောင်းမှ မြို့ရှောင်လမ်း) အထိ မူလ ၂၄ ပေအကျယ် နှစ်လမ်းသွား ကွန်ကရစ် လမ်းမှ ၄၈ ပေအကျယ် လေးလမ်းသွား ကွန်ကရစ်လမ်းအဖြစ် တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း၊ ရန်မျိုးသန့်စင်လမ်း ပြုပြင်ခြင်းလုပ်ငန်း ခွင်ကိုလည်းကောင်း၊ ရေငန်းဆည်ပြုပြင်ခြင်းလုပ်ငန်း ခွင်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရတနာအောင်မြေလမ်း၊ သုခတော်ဝင် အိမ်ရာအနီး Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ခွင်ကိုလည်းကောင်း၊ ဓနသိဒ္ဓိရပ်ကွက်ရှိ ချောင်းမငယ် ဆည်မှရေကို ဆင်အုံကန်မှတစ်ဆင့် ထပ်တိုးရယူပြီး မူလရေပေးဝေရေးစနစ်အတွင်းပေးပို့မည့် တစ်နေ့ ရေဂါလန် ခြောက်သန်းဆံ့ ရေစစ်ကန်တည်ဆောက် နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)

No comments