အာဖရိကတွင် ရာသီဉတုပြောင်းလဲမှုကြောင့် ၂၀၅၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါဖြင့်သေဆုံးသူ ငါးသိန်းကျော်ရှိနိုင်



ဇန်နဝါရီ ၂၉

အာဖရိကတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ၂၀၅၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု သန်း ၁၀၀ကျော်နှင့် သေဆုံးမှု ၅၀၀၀၀၀ ကျော် ရှိနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြထားသည်။

၂၀၅၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ၇၉ ရာခိုင်နှုန်းနှင့် သေဆုံးမှု ၉၃ ရာခိုင်နှုန်း မြင့်တက်လာနိုင်ကြောင်း အဓိကအားဖြင့် ရေကြီးရေလျှံမှုနှင့် ဆိုင်ကလုန်းမုန်တိုင်းများကြောင့် နေအိမ်များနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်း The Kids Research Institute Australia က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

အင်စတီကျုနှင့် သြစတြေးလျနိုင်ငံ Curtin တက္ကသိုလ်တို့မှ ယမန်နေ့က Nature တွင် ထုတ်ပြန်ခဲ့သော လေ့လာမှုတွင် ရာသီဥတု၊ ငှက်ဖျားရောဂါထိန်းချုပ်ရေးဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများ၊ လူမှုစီးပွားရေးညွှန်းကိန်းများနှင့် အာဖရိကတစ်ဝှမ်းရှိ  လွန်ကဲသောရာသီဥတုပုံစံများဆိုင်ရာ ၂၅ နှစ်ကြာ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။

ရာသီဥတုပြင်းထန်မှုသည် အိမ်ရာများ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် ကူးစက်မှုကို နှိမ်နင်းသည့် ကြားဝင်ဆောင်ရွက်မှုများကို အကြိမ်ကြိမ်ပျက်စီးစေခြင်းဖြင့် ငှက်ဖျားရောဂါထိန်းချုပ်ရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုကို ပြသနေကြောင်း  ဖော်ပြထားသည်။

သုတေသီများက ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆီသို့ဦးတည်သော တိုးတက်မှုကိုထိန်းသိမ်းရန်အတွက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို ငှက်ဖျားရောဂါမူဝါဒများနှင့် ကျန်းမာရေးစီမံကိန်းများတွင်ထည့်သွင်းရန် တိုက်တွန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.