ဆူဒန်နိုင်ငံ၌ ကလေးငယ်နှင့် မိခင် ၄ သန်းကျော် ဆိုးရွားပြင်းထန်သော အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့ရဖွယ်ရှိ



ခါတွန်   ဇန်နဝါရီ   ၂၁

ဆူဒန်နိုင်ငံ၌ ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက် မိခင် ၄ ဒသမ ၂ သန်းခန့်မှာ ၂၀၂၆ ခုနှစ်အတွင်း  ဆိုးရွားပြင်းထန်သော အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့ရနိုင်ခြေရှိကြောင်း ကမ္ဘာလုံး ဆိုင်ရာ  အာဟာရပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က  ဇန်နဝါရီ ၁၉ ရက်တွင် သတိပေးပြောကြား ထားသည်။

ကုလသမဂ္ဂ  ဦးဆောင်သော ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ၂၀၂၆ ခုနှစ်အတွင်း   အသက်   ငါးနှစ်အောက်  ကလေးငယ်  ငါးသန်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့်  နို့တိုက် မိခင် ၃ ဒသမ ၄ သန်း အပါအဝင် လူပေါင်း ၈ ဒသမ ၄ သန်းခန့် အာဟာရဆိုင်ရာ ထောက်ပံ့ကူညီ မှုများ   လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကလေးငယ်   ၈၂၄၀၀၀ ခန့်မှာ အသက်အန္တရာယ်ခြိမ်းခြောက် နိုင်ခြေအရှိဆုံး ဆိုးရွားပြင်းထန်သော အာဟာရချို့တဲ့မှုနှင့်ကြုံတွေ့ ရနိုင်ပြီး အရေးပေါ်ကြားဖြတ်စီမံဆောင်ရွက်မှုများမရှိပါက သေဆုံး နိုင်ခြေမှာ သိသိသာသာ မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂ ကလေးများရန်ပုံ ငွေအဖွဲ့သည်   ၂၀၂၆   ခုနှစ်တွင် ဆူဒန်နိုင်ငံရှိ ကလေးငယ် ၇ ဒသမ ၉ သန်းအပါအဝင် လူပေါင်း ၁၃ ဒသမ ၈ သန်းကို ထောက်ပံ့ကူညီရန် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ နီးပါးရရှိရေး   လုပ်ဆောင်လျက်ရှိသည်။

ပဋိပက္ခဖြစ်ပွားရာ ပြည်နယ်များရှိ ကျန်းမာရေးဌာန ၇၀ ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းလည်ပတ် ဆောင်ရွက်ခြင်းမရှိသေးသည့်အတွက် ကလေးငယ် ၃ ဒသမ ၄ သန်းမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိသည့်    ကူးစက်ရောဂါဖြစ်ပွားမှုများနှင့်   ရင်ဆိုင်ကြုံတွေ့နေကြသည်။                                                                         

ဆင်ဟွာ

No comments

Powered by Blogger.