ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ရွေးချယ်ခံထားရသည့် ရွှေကြိုမောင်မယ်များနှင့် တွေ့ဆုံ

 



ရန်ကုန် ဇန်နဝါရီ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ရွေးချယ်ခံထားရသည့် ရွှေကြိုမောင်မယ်များနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲတွင် ရွှေကြိုအဖြစ် ရွေးချယ်ခံခဲ့ရသည့် ရွှေကြိုမောင်မယ်များအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အနုပညာသည်များသည် ဖန်တီးရှင်များဖြစ်ပြီး ထင်ရှားသည့် အနုပညာသည် တစ်ဦးဖြစ်ရန် မလွယ်ကူပါကြောင်း၊ ယခုရွေးချယ်ခံခဲ့ရသည့် ရွှေကြိုမောင်မယ်များအနေဖြင့် ထင်ရှားကျော်ကြားသည့် အနုပညာရှင်တစ်ယောက်ဖြစ်ရန် ကြိုးစားကြစေလိုပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း အနုပညာရှင်များကို လွန်စွာ တန်ဖိုးထားသည့်အတွက် စည်သူဘွဲ့နှင့် အလင်္ကာကျော်စွာဘွဲ့များကို ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ လာမည့်ကာလတွင် အနုပညာလောက ပိုမို ရှင်သန်ပြီး မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားကာ ဒေသတွင်း အာဆီယံ တွင်သာမက ကမ္ဘာသို့ထိုးဖောက်ရန် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ မျိုးဆက်သစ် အနုပညာရှင်များအနေဖြင့် အနုပညာကိုတန်ဖိုးထားသလို ပြည်သူများကိုလည်း တန်ဖိုးထားစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် ရွှေကြိုမောင်မယ် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၈ ဦး ရွှေကြိုမောင်မယ် ၃၆ ဦးက တစ်ဦးချင်းမိတ်ဆက်ပြီး သရုပ်ဆောင် ပြသခဲ့ကြသည်။     

သတင်းစဉ်

No comments

Powered by Blogger.