တရုတ်လှနှင့် ဘားကပ်မြစ်ရေတင်လုပ်ငန်းတို့ကို ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်၍ အကျိုးပြုဧရိယာများတွင် စိုက်ပျိုးလုပ်ကိုင်နေမှု ကြည့်ရှုစစ်ဆေး
ဘားအံ ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်အတွင်း နွေရာသီတွင်စိုက်ပျိုးရေ
လုံလောက်စွာရရှိနိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြစ်ရေတင်လုပ်ငန်းများကို
ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်
ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ပြီးသော ဘားကပ်မြစ်ရေတင်နှင့်
တရုတ်လှမြစ်ရေတင်လုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ အဆိုပါမြစ်ရေတင်လုပ်ငန်း
အကျိုးပြုဧရိယာအတွင်း တောင်သူများ စိုက်ပျိုးလုပ်ကိုင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၄ ဒသမ ၄ သန်းဖြင့်
၆၈ ဒသမ ၈၈ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်ရေပေးဝေနေသော တရုတ်လှ မြစ်ရေတင်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ဧကတိုးတက်စိုက်ပျိုးနိုင်ရေး၊
လျှပ်စစ်မီးရရှိမှုအခြေအနေ၊ ဆိုလာဆိုင်ရာ အချက်အလက်များကို ဆွေးနွေးမေးမြန်း၍ လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် တရုတ်လှမြစ်ရေတင်လုပ်ငန်းအကျိုးပြု
ဧရိယာအတွင်း လျာထား နွေသီးနှံ ဧက ၅၆၀ အနက် ကွင်းအမှတ် (၁၂၁၀) တရုတ်လှကွင်းတွင် ကန်စွန်း၊
ရုံးပတီ၊ ချဉ်ပေါင်အစရှိသော နွေသီးနှံ ဟင်းသီးဟင်းရွက် ဧက ၄၀ စိုက်ခင်းအား ကြည့်ရှုအားပေးပြီး
ပြည်နယ်ဝန်ကြီးချုပ်က ဈေးကွက်ဝယ်လိုအားကောင်းသည့် မည်သည့်သီးနှံမဆို တိုးချဲ့စိုက်ပျိုးရန်၊
မြေလွတ် မြေလပ်မကျန် သီးထပ်သီးညှပ်များဖြင့် နှစ်သီးစားမှ သုံးသီးစားထိ တိုးချဲ့စိုက်ပျိုး
လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်
အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၁၄၄ ဒသမ ၂၅ သန်း ဖြင့် ၅၅ ဒသမ ၃၅ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်
ရေပေးဝေနေသော ဘားကပ်မြစ်ရေတင် လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က
လက်တံမြောင်းထိပ်ရှိ စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြေသားမြောင်း၊ လယ်ကြားမြောင်းများအား
စနစ်တကျ ပြုပြင်ထိန်းသိမ်း၍ စိုက်ဧကတိုးတက်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်
မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်
ဘားကပ်မြစ်ရေတင်လုပ်ငန်းအကျိုးပြု ဧရိယာအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လျာထားဧက ၅၃၀ အနက်
ကွင်းအမှတ် ၁၀၀၉(ခ) ဘားကပ်ကွင်းတွင် ပဲတီစိမ်း ကွင်းပြည့်ဧက ၂၅၀ စိုက်ပျိုးထားရှိမှုနှင့်
စိုက်ပျိုးရေပေးဝေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း
ဖြည့်ဆည်းဆောင်ရွက်ပေးကာ တောင်သူများအား ရွက်ဖျန်းမြေဩဇာအိတ်များ အခမဲ့ချီးမြှင့်ပေးအပ်
သည်။
ကရင်ပြည်နယ်အတွင်း တရုတ်လှ၊ ဘားကပ်၊
ထုံးအိုင်၊ ဇာသပြင်၊ သံလှယ်နှင့် ဂျိုင်း စသည့် မြစ်ရေတင် စီမံကိန်းခြောက်ခုမှ ၂၀၂၅-၂၀၂၆
ခုနှစ်တွင် စိုက်ဧက ပေါင်း ၂၄၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေသွားရန်လျာထားဆောင်ရွက်လျက်ရှိပြီး
အဆိုပါမြစ်ရေတင် လုပ်ငန်းများမှ စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်
ဆိုလာဓာတ်အား ပေးစနစ်ကို တွဲဖက်တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments