ပိုမိုကောင်းမွန်သော အနာဂတ်ဆီ . . .
လင်းလင်း
၂၀၂၅ ခုနှစ်
ဒီဇင်ဘာလ ၂၈ ရက်နေ့သည် အသက် ၁၉ နှစ်အရွယ် မဇူးဇူးအတွက် ပထမဆုံးမဲပေး ရသည့်နေ့ဖြစ်သည်။ အတွေ့အကြုံသစ်ဖြစ်သည့်အတွက်
စိတ်စောနေပြီး ဒီဇင်ဘာနံနက်ခင်း နှင်းမကွဲခင် အချိန်ကပင် မဲရုံဆီသို့ သုတ်ခြေတင်ခဲ့သော်လည်း
မဇူးဇူးကဲ့သို့ ဝီရိယကောင်းသည့် လူများစွာက မဲရုံတွင် ရောက်ရှိနေကာ စနစ်တကျ
တန်းစီနေရာယူထားကြသည်။
နံနက် ၆ နာရီ
မဲရုံစတင်ဖွင့်လှစ်ချိန်တွင် အလှည့်ကျတစ်ဦးစီ လျှို့ဝှက်ဆန္ဒမဲပေးကြသည်။ ၄၅
မိနစ်ခန့် စောင့်ဆိုင်းပြီးချိန်တွင် မဇူးဇူးအလှည့်သို့ ရောက်ရှိခဲ့ကာ
ရင်ခုန်စိတ်လှုပ်ရှားစွာ နိုင်ငံသား ကတ်ပြား ပြသ၊ လက်မှတ်ရေးထိုးပြီး မဲပေးစက်ကို
ခလုတ်နှိပ်ကာ ဆန္ဒမဲပေးခဲ့သည်။
“လူငယ်တွေအတွက်
အနာဂတ်က အရေးကြီးပါတယ်။ အနာဂတ်မှာ ကျွန်မတို့ဆန္ဒတွေ၊ စိတ်ကူး အိပ်မက်တွေကို
စိတ်တိုင်းကျ ဖန်တီးပုံဖော်ပေးနိုင်မယ့် ကိုယ်စားလှယ်တွေကို ရွေးချယ်နိုင်ခဲ့တယ်။
ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက မဲပေးနိုင်ဖို့ ကြိုတင်လေ့လာထားခဲ့တယ်။
လူငယ်တွေအားလုံး အတွက် နိုင်ငံသားတစ်ဦးတာဝန် ကျေပွန်နိုင်ခဲ့ပြီ” ဟု
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ရွှေကြာပင်ရပ်ကွက် အ.ထ.က (၁၄) ရှိ
မဲရုံအမှတ် (၁) တွင် ဆန္ဒမဲပေးခဲ့သူ မဇူးဇူးက ရွေးကောက်ပွဲ နှင့်ပတ်သက်၍
သူ၏ခံယူချက်ကို ပြောကြားသည်။
ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့
နိုင်ငံတစ်နိုင်ငံ၏
ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်သည့်
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို “အများယုံကြည်လက်ခံသည့်
ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်နှင့်အညီ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ တွင်
နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်၌ အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့သည်။
ပြည်သူ့ဆန္ဒကို
နိုင်ငံရေးအာဏာအဖြစ် ပြောင်းလဲဖော်ဆောင်ပေးနိုင်မည့် အခြေခံလမ်းကြောင်း တစ်ရပ်ကို
ဖန်တီးပေးလိုက်ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံရေး
အပြောင်းအလဲများကို ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ရန် လိုလားကြသည့်
နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု တစ်ရပ်လုံးက ခြိမ်းခြောက် အကျပ်ကိုင် ဖိအားပေးခြင်းမရှိဘဲ
မိမိတို့၏ဆန္ဒအလျောက် တက်ကြွစွာ စောင့်ဆိုင်း မဲပေးခဲ့ကြသည်။
“မဲပေးကြတဲ့သူတွေအထဲမှာ
လူငယ်များစွာ ပါဝင်တာကို တွေ့ရပါတယ်။ ဒါကဘာကို ပြသသလဲဆိုရင် မြန်မာနိုင်ငံရဲ့
လူငယ်တွေဟာ အနာဂတ်အတွက် မျှော်လင့်ချက်ကြီးကြီး ထားတယ်ဆိုတာကို သုံးသပ်လို့ရပါတယ်”
ဟု ကာဇက်စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်
ဒုတိယဥက္ကဋ္ဌ Mr. Yerman Mukhtar က မြန်မာနိုင်ငံ၏
ရွေးကောက်ပွဲနှင့် ပတ်သက်၍ သုံးသပ်ပြောကြားသည်။
ထို့ပြင်
မဲဆန္ဒရှင်ပြည်သူတို့၏ အနာဂတ်အတွက် မျှော်မှန်းချက်၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍
အသိပညာပြည့်ဝမှု (Voter Education)၊ မဲပေးစဉ်
ကြုံတွေ့ရသည့်အခက်အခဲ၊ လွတ်လပ်စွာမဲပေးနိုင်မှု ရှိ၊ မရှိ အခြေအနေတို့ကို
ကာဇက်စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌကဲ့သို့ နိုင်ငံ တကာနှင့်
ပြည်တွင်းအခြေစိုက် နိုင်ငံခြားသံရုံးများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက
မဲရုံများသို့သွားရောက်၍ စောင့်ကြည့်လေ့လာ ဆွေးနွေးမှုများ ဆောင်ရွက်ကြသည်။
မြန်မာနိုင်ငံ၏
ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်း
မြင်သာမှုနှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲများ ဖြစ်ပေါ်စေရန်
ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် နိုင်ငံတကာအသိုက်အဝန်းက အားပေးထောက်ခံမှု ကို
ဖော်ပြသည့်အနေဖြင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၊
နိုင်ငံတကာနှင့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းများမှ သတင်းမီဒီယာသမား စုစုပေါင်း
၁၅၄၄ ဦးခန့် စောင့်ကြည့်လေ့လာ သတင်းယူခဲ့ကြသည်။
တွေ့ဆုံမေးမြန်းမှုများ ဆောင်ရွက်
မဲရုံရှေ့တွင်
တန်းစီစောင့်ဆိုင်းနေသည့် ပြည်သူလူထုကို ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက် ၍ လေ့လာထားပြီးပြီလား၊
မဲပေးစက်နှင့် ဆန္ဒမဲပေးရမည်ဖြစ်သည့်အတွက် မဲပေးစက်အသုံးပြုတတ် ပြီလား၊
မဲပေးပြီးပြန်ထွက်လာသည့် မဲဆန္ဒရှင် ပြည်သူတို့ကို သတင်းမီဒီယာများနှင့်
နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများက လွတ်လွတ်လပ်လပ် မဲပေးခွင့်ရခဲ့သလား စသည်ဖြင့်
တွေ့ဆုံမေးမြန်းမှုများ ဆောင်ရွက်ကြသည်။
မဲရုံမှူးများ၊
ကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံကာ ဆန္ဒမဲပေးရန် ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ် အဆင့်ဆင့်၊
အီလက်ထရောနစ် မဲပေးစက် အသုံးပြု၍ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်မှု အပါအဝင်
ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းလေ့လာကြသည်။
ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာရန် ဆောင်ရွက်သည့် နိုင်ငံရေးအခင်းအကျင်းဖြစ်သော ရွေးကောက်ပွဲ အထမြောက် အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ခဲ့သလို ပြည်သူ များကိုယ်တိုင် စိတ်ပါဝင်စားစွာ၊ စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင် မဲပေးခဲ့ကြသည်ကို နိုင်ငံတကာစောင့်ကြည့်လေ့လာ သူများက မြင်တွေ့ခဲ့ရသည်။
“မဲပေးတဲ့သူတချို့ဟာ
သူတို့မိသားစုဝင်တွေနဲ့ မဲရုံတွေမှာ စောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။ ဒါက တကယ့်ကို
အပြုသဘောဆောင်တဲ့လက္ခဏာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ပြည်သူတွေက ယုံကြည်မှုရှိတယ်။
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်တာက တာဝန်ရှိသူတွေရဲ့ ကြိုးပမ်း
အားထုတ်မှုနဲ့ လုံခြုံမှုအပြည့်အဝပေးနိုင်တာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ
ကျင်းပပေးသူတွေရော ပါဝင်တဲ့ပြည်သူတွေလိုလားတဲ့ တည်ငြိမ်အေးချမ်းမှု၊
ဖွံ့ဖြိုးတိုးတက်မှုနဲ့ အောင်မြင်မှုရရှိမယ်ဆိုတာ ကျွန်တော်တို့ယုံကြည်ပါတယ်။
မြန်မာနိုင်ငံအကြီးအကဲနဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ အပေါ်
တကယ့်ကိုစိတ်စေတနာအမှန်နဲ့ ကြိုးပမ်းခဲ့မှု၊ မြန်မာနိုင်ငံက ပြည်သူတွေ
ပြင်းပြစွာဆန္ဒရှိမှုကို ဝမ်းသာဂုဏ်ယူကြောင်း ပြောလိုပါတယ်” ဟု
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ H.E. Mr. Sholban
Kara-Ool က နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏
မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ် သဘောထားမှတ်ချက်ပေး ခြင်း အခမ်းအနားတွင်
သုံးသပ်ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr.Deng Xijun
က “အခုကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း (၁)
အဆင်ပြေချောမွေ့ပြီး တည်ငြိမ်အေးချမ်း တာကို တွေ့ရပါတယ်။ အောင်မြင်တဲ့ရွေးကောက်ပွဲ
ဖြစ်ပြီး နောင်ကျင်းပမယ့် အပိုင်း(၂)နဲ့ အပိုင်း(၃)မှာလည်း အောင်မြင်အောင်
ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်။ မဲဆန္ဒရှင်တွေမှာ ရွေးကောက်ပွဲပြီးရင်
သူတို့ဘဝတွေ ပိုကောင်းလာမယ်၊ စီးပွားရေးတွေ ကောင်းလာမယ်၊
ပဋိပက္ခတွေလျော့ကျသွားပြီး အေးချမ်းတည်ငြိမ်သွားမယ်ဆိုတဲ့ မျှော်မှန်းချက်
တွေရှိတယ်ဆိုတာကို တွေ့ခဲ့ရတယ်။ ယခု ရွေးကောက်ပွဲဟာ အောင်မြင်တယ်လို့ ယူဆပါတယ်။
အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ အတူယှဉ်တွဲနေထိုင်ရေးတို့ကို အကောင်အထည်
ဖော်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု မှတ်ချက်ပြုပြောကြားသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အပိုင်း(၂)ကိုလည်း ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ
ရွေးကောက်ပွဲကျင်းပရန် ကြေညာထားသည့် မြို့နယ်ပေါင်း ၁၀၀ ၌ နံနက် ၆ နာရီမှ ညနေ ၄
နာရီအထိ ကျင်းပနိုင်ခဲ့သည်။
မိမိတို့ဒေသ၊ ရပ်ရွာ၊ လူထု၏ဆန္ဒကို ထင်ဟပ်စေနိုင်မည့် ကိုယ်စားလှယ်လောင်းကို
ဆန္ဒမဲပေးရွေးချယ်
ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်
အဆင်ပြေလွယ်ကူစေရန် မဲရုံအမှတ်၊ မဲရုံအမှတ်စဉ်များ ကြိုတင်ဖြန့်ဝေ ပေးခြင်း၊
တာဝန်ရှိသူများက Tablet ဖြင့် ရှာဖွေပေးခြင်းနှင့်
မဲစာရင်းစစ်ဆေးရာတွင် ကြန့်ကြာ မှုမဖြစ်စေရေး အတန်းလိုက်၊ တာဝန်ခွဲဝေ၍ ရှာဖွေ
ပေးခြင်းတို့ကို မဲရုံတာဝန်ကျဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြသည်။ မဲမသမာမှုများ
ကင်းစင်စေရန်နှင့် မဲပေးမှုလုပ်ငန်းစဉ်များ ပိုမိုတိကျမြန်ဆန်စေရန် မြန်မာအီလက်ထရောနစ်မဲပေးစက်
(MEVM)
ကို အသုံးပြုကာ မဲဆန္ဒရှင်ပြည်သူများ
စိတ်ချမ်းမြေ့စွာ မိမိတို့ဒေသ၊ ရပ်ရွာ၊ လူထု၏ဆန္ဒကို ထင်ဟပ်စေနိုင်မည့်
ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေး ရွေးချယ်နိုင်ခဲ့သည်ကို တွေ့မြင်ရသည်။
ကျင်းပပြီးစီးခဲ့သည့်
ရွေးကောက်ပွဲများကို ကြည့်ခြင်းအားဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏
ဦးတည်ချက် (၄)ရပ်တွင် ပါဝင် သည့် “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို
အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို
အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ
ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက် ရေးနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်
ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ် လုံး လိုလားတောင့်တသည့်
ပါတီစုံဒီမိုကရေစီ စနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူ လူထု၏
ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး” အချက်ကို အတိုင်းအတာတစ်ခု
အထိ ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။
ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်သည့်အတွက် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့်
ကမ္ဘာ့နိုင်ငံများက မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပ နိုင်မှုနှင့်ပတ်သက်၍
အသိအမှတ်ပြုပြောကြားကြသည်။ ပုံဖျက်မီဒီယာအချို့က မည်သို့ပင် လိုရာဆွဲ
ဖန်တီးရေးသားကြသော်လည်း အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံ
၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ အပြုသဘောဆောင်သည့် အတွေး
အမြင်အချို့ကို ကြားသိလာရသည်။
ထိုသို့
နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ မဲဆန္ဒရှင်ပြည်သူများ၏ စိတ်ပါဝင်စားမှု၊ အားတက် သရော
လာရောက်မဲပေးမှုများကြောင့် ရွေးကောက် ပွဲအပိုင်း(၁)နှင့် (၂)သည်
ဂုဏ်သိက္ခာရှိပြီး အောင်မြင် သည့်ရွေးကောက်ပွဲဖြစ်ခဲ့သည်။ လာမည့် ဇန်နဝါရီလ ၂၅
ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)အဖြစ် မြို့နယ် ၆၃
မြို့နယ် တို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
သမိုင်းမှတ်တိုင်စိုက်ထူလိုက်နိုင်ခြင်းပင်ဖြစ်
နိုင်ငံတစ်ဝန်း
မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၂၆၅ မြို့နယ်တွင် ရွေးကောက်ပွဲများ အောင်မြင်စွာ
ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဖျက်သိမ်းထားသော
မြို့နယ် ၆၅ မြို့နယ်တွင် နေထိုင်သည့်လူဦးရေသည် နိုင်ငံရှိ လူဦးရေစုစုပေါင်း၏ ၁၃
ရာခိုင်နှုန်းခန့်သာရှိခဲ့သည်။ ရွေးကောက်ပွဲတစ်ခု အထမြောက်အောင်မြင်ရန်
ရာခိုင်နှုန်း ၈၀ အထိ လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့၍ အခက်အခဲအကျပ်အတည်းနှင့်
ခြိမ်းခြောက်မှုများစွာ ကြားထဲမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်မှာ သမိုင်း မှတ်တိုင်စိုက်ထူလိုက်နိုင်ခြင်းပင်ဖြစ်သည်။
ပြည်သူများလိုလားတောင့်တသည့်
ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် မဖြစ်မနေ ဖြတ်သန်းရသည့်
ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မလိုသူများက မည်သို့ပင်နှောင့်ယှက်
ဟန့်တားကြသော်လည်း အဖျက်အမှောင့်အတား အဆီးများကို ကျော်လွှားကာ
မဲဆန္ဒရှင်ပြည်သူများ က မိမိတို့၏ သဘောဆန္ဒအလျောက် အသည်းကြားက မဲတစ်ပြားဖြင့်
နိုင်ငံသားတစ်ဦး၏ တာဝန် ကျေပွန်ခဲ့ကြသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးတည်ချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်
ခဲ့ခြင်းဖြစ်သည်။
အနာဂတ်နိုင်ငံတော်နှင့် ပြည်သူ့ကောင်းကျိုးကို
ဆောင်ကြဉ်းပေးမည့် အစိုးရအဖွဲ့တစ်ရပ် ပေါ်ထွန်း လာရန် စိတ်စေတနာမှန်ဖြင့်
ဖော်ဆောင်လိုက်သည့် ရွေးကောက်ပွဲ၏ရလဒ်များ၊ မဲဆန္ဒရှင် ပြည်သူများက
ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များ၏ အမည်စာရင်းများကို ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလျက် ရှိသည်။
ရွေးကောက်ခံရသည့်
ကိုယ်စားလှယ်များကလည်း အသစ်ပေါ်ပေါက်လာသည့် လွှတ်တော်တွင် နိုင်ငံနှင့်
နိုင်ငံသားတို့၏ အကျိုးဖြစ်ထွန်းစေမည့် ဥပဒေပြုရေးတာဝန်ကို ကျေပွန်ရန် အားခဲ
စိုင်းပြင်းနေကြမည်ဟု ယုံကြည်မျှော်လင့်မိပါသည်။ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့်
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ဟန်ချက်ညီထိန်းညှိကာ
မဝေးတော့သည့်အနာဂတ် တွင် စိတ်စေတနာမှန်ဖြင့် ဝိုင်းဝန်းဖော်ဆောင်လိုက်သည့်
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော် သစ်၏ အသီးအပွင့်များအဖြစ် တည်ငြိမ်
အေးချမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းတို့ကို မျှဝေခံစား ကြရတော့မည်ဖြစ်သည်။
နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးမဆုံးရှုံးဖို့
မဇူးဇူးကဲ့သို့ လူငယ်များအပါအဝင် ပြည်သူအပေါင်း ကို ရွေးကောက်ပွဲ အပိုင်း(၁)နှင့်
(၂)တွင် တာဝန် ကျေပွန်ခဲ့ကြသကဲ့သို့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့်
ရွေးကောက်ပွဲအပိုင်း (၃)တွင်လည်း မပျက်မကွက် မဲပေးကြရင်း ဆက်လက်တာဝန်
ကျေလိုက်ကြပါစို့ဟု ... ။
No comments