ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး လူတော်လူကောင်းများမွေးထုတ်(ကြေးမုံ)
ပုထုဇဉ်လူသားများအနေဖြင့် လူဖြစ်လာကြရာတွင် အလုံးစုံပြည့်စုံသည်ဟူ၍ မရှိပေ။ တစ်ခုခု လိုအပ်လေ့ရှိသည်ကို တွေ့ရလေ့ရှိသည်။ သို့သော်အနာဂတ် လူ့ဘောင်လောကကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ကြမည့်သူများအနေဖြင့် အလုံးစုံပြည့်စုံအောင် (ဝါ) ဗလငါးတန် ပြည့်စုံအောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။ ယနေ့လူငယ်များသည် အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာကြမည် ဖြစ်သဖြင့် ဗလငါးတန်ပြည့်စုံစေရန် အထူးလိုအပ်သည်။ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန်တွင် စာရိတ္တဗလသည် အမွန်မြတ်ဆုံးဖြစ်သည်။
စာရိတ္တဗလကြံ့ခိုင်ပါမှ
အခြားသော ဗလစွမ်းအားများသည် နိုင်ငံတော်ကို အကျိုးပြုနိုင်ကြပေမည်။ စာရိတ္တဗလ
ယိမ်းယိုင်နေပါလျှင် ကျန်ဗလလေးတန်၏ ခွန်အားတို့သည် အဖျက်လုပ်ငန်းများဆီသို့
ဦးတည်သွားပေလိမ့်မည်။ စာရိတ္တဗလသည် လူကောင်းသူကောင်းဖြစ်စေသည်။ လူ့ဘောင်လောက သမိုင်းကို
လေ့လာကြည့်လျှင် လူတော်လူကောင်းများစွာ ပေါ်ထ္ပက်လာခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။
လူတော်သော်လည်း စာရိတ္တဗလ၌ ချို့ယွင်းချက်များရှိသဖြင့် လူ့ဘောင်လောက၌ အရုပ်ဆိုး အကျည်းတန်ဖြစ်ခဲ့မှုများ
တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် လူလည်းတော်၊ လူကောင်းလည်း ဖြစ်အောင်
ကြိုးပမ်းဆောင်ရွက်ကြရသည်။
နိုင်ငံတော်က
မျှော်လင့်နေသော နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်မြောက် လာရေးအတွက်
ကျောင်းသား ကျောင်းသူကလေးအရွယ်မှစ၍ အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးရင်း
ဗလငါးတန်ပြည့်စုံအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ အတတ်ပညာသည်
လူတော်ဖြစ်စေပြီး အသိပညာသည် လူကောင်းဖြစ်စေသည်ဟု ဆိုထားသည်။ အသိပညာ၊
အတတ်ပညာရှိရန်အတွက် အတန်းပညာအခြေခံရှိရန်လိုသည်။ ထို့ကြောင့် ကျောင်းနေ အရွယ်
လူငယ်များအားလုံး ကျောင်းနေစေရေးနှင့် အတန်းပညာ ပြီးမြောက်စေရေးအတွက် နိုင်ငံတော်
က ပညာရေးကဏ္ဍမြှင့်တင်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိဘများနှင့်
ကျောင်းသားကျောင်းသူများကလည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
“လူငယ်ငြိမ်းချမ်းရေးဖိုရမ်
၂၀၂၆” ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်
အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
အဖွင့်မိန့်ခွန်း ပြောကြားရာတွင် အတန်းပညာမရှိပါက အတတ်ပညာမရှိသည့်အတွက်
လူသားအရင်းအမြစ်ရရှိမှု နည်းပါးမှု အခြေအနေကို ပြောကြားခဲ့ပြီး အသိပညာရှိမှု၏
အရေးပါမှုနှင့်ပတ်သက်၍ “အသိပညာ အားနည်းပါကလည်း လူကောင်းများ နည်းပါးစေပြီး
နိုင်ငံ၏ညီညွတ်ရေးကို ထိခိုက်ပျက်ပြား စေနိုင်ကြောင်း၊ ထို့ကြောင့်
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ညီညွတ်မှုရှိစေရေး အသိပညာရှိသည့်
လူငယ်လူရွယ်များ များပြားလာရန်လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် အသိပညာများ
တိုးပွားလာစေရေး စာအုပ်စာပေများကို အမြဲဖတ်ရှုလေ့လာနေရန်လိုအပ်ကြောင်း”
ပြောကြားခဲ့သည်။
အသိပညာ၊ အတတ်ပညာ
မြင့်မားလာစေရေးအတွက် အခြေခံပညာ တတ်မြောက်သည့် ရာခိုင်နှုန်း မြင့်မားလာစေရေးသည်
နိုင်ငံတော်အတွက် အရေးကြီးသည့် လိုအပ်ချက်ဖြစ်သည်။ အများအားဖြင့် ပြည်နယ်များနှင့်
ဝေးလံခေါင်းပါးသည့် နယ်မြေဒေသအချို့တွင် ပညာရေးအားနည်းနေသည်ကို တွေ့ရသည်။ အတန်းပညာမရှိသည့်အတွက်
လူသားအရင်းအမြစ်များနည်းပါးနေသလို အသိပညာ မရှိသဖြင့် စာရိတ္တမဏ္ဍိုင် ချို့ယွင်းအားနည်းနေသည်ကို
တွေ့ရသည်။ အထူးသဖြင့် စာရိတ္တမဏ္ဍိုင် အားနည်းသဖြင့် လူငယ်လူရွယ်အချို့အနေဖြင့်
အဖျက်လုပ်ရပ်များတွင် ပါဝင်နေသည်ကို ဝမ်းနည်းဖွယ် တွေ့ရသည်။ အတန်းပညာပြီးဆုံးအောင်
မသင်ကြားနိုင်သည့်အပြင် အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုလည်း သင်ယူနိုင်ခြင်းမရှိသဖြင့်
လူငယ်လူရွယ်များလေလွင့်ပြီး အဖျက်ဘက်သို့ အလွယ်တကူရောက်ရှိ သွားနိုင်သည်။
အသိပညာအားနည်းသဖြင့် အမှားအမှန်ဆင်ခြင်တုံတရား အားနည်းခြင်းသည်လည်း
အဆိုးဘက်သို့ရောက်နိုင်သည်။ စာရိတ္တမဏ္ဍိုင်ဘက်၌ ဘုန်းတော်ကြီးသင် ပညာရေးအားနည်းသွားခြင်းသည်
အကြောင်းအချက်တစ်ခုဖြစ်သည်။
ထို့ကြောင့်
ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများပါမကျန် စာကြည့်တိုက်များ ဖွင့်လှစ်ရေး၊
စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ထွန်းကားလာရေးကို ယခုထက်ပိုမိုအလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ အခြေခံပညာ အလယ်တန်းအဆင့်
(KG+9)ကို မသင်မနေရ အဆင့်သတ်မှတ်ပြီး ပညာရေးအဆင့် မြှင့်တင်နေသည်။
အခြေခံပညာအထက်တန်းအဆင့်တွင် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးရုံသာမက
အလယ်တန်းအဆင့်၌လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ပညာရပ်များ သင်ကြားပေးနေသည်။
သို့ဖြစ်ရာ
အနာဂတ်နိုင်ငံတော်ကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်ရန်အတွက် အသိပညာ၊
အတတ်ပညာများ ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များ နိုင်ငံတော်တစ်ဝန်း၌
ပေါ်ထွက်လာအောင် ပြုစုပျိုးထောင်ကြ၍ အေးချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်
ဒီမိုကရေစီ နိုင်ငံတော်သစ်တွင် လူကောင်းလူတော်များ ပိုမိုပါဝင်လာအောင်
ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
No comments