ကရင်ပြည်နယ်၌ အကြိမ် (၂၀)မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ဘားအံ ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်အစိုးရအဖွဲ့ အကြိမ် (၂၀)မြောက်
မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဘားအံမြို့သီရိကွင်းတွင် စည်ကားသိုက်မြိုက်စွာ
ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌
ကျင်းပသည့် စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပရေး စီမံခန့်ခွဲမှုဦးစီးကော်မတီနှင့် အထောက်အကူပြု
လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်
ဦးစောမြင့်ဦးက မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းထမနဲ ထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ
ကျင်းပသွားနိုင်ရေး ဆပ်ကော်မတီ၊ အထောက်အကူပြုလုပ်ငန်း ကော်မတီများကို အသီးသီးဖွဲ့စည်း
တာဝန်ပေးအပ်ထားပြီး လိုအပ်သည်များနှင့် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များကို ယခုအစည်းအဝေးတွင်
တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေးအထောက်အကူပြု
လုပ်ငန်းကော်မတီအတွင်းရေးမှူးများက ဘားအံမြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာ
များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်
တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊
မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းထမနဲထိုးပြိုင်ပွဲ အထိမ်းအမှတ် မီးပုံးပျံကြီးများ
လွှတ်တင်နိုင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဆုချီးမြှင့်ရေး၊ အမှတ်ပေးအကဲဖြတ်နိုင်ရေး၊
စာရင်းစစ်ဆေးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး
တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ
နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ထမနဲထိုးအသင်း
၆၆ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရပြီး အောက်ခြေ အချင်း ခြောက်ပေ၊ အမြင့်ပေ ၄၀
နှင့် အထက်ရှိသော မီးပုံးပျံကြီး ၁၁ လုံးတို့ကို လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments