အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး လွိုင်ကော်မြို့မှ မြို့မိမြို့ဖ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး
လွိုင်ကော်
ဇန်နဝါရီ ၁၆
အမျိုးသားကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးသည် ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ
ယနေ့နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) ရိပ်သာဧည့်ခန်းမ ဆောင်၌
လွိုင်ကော်မြို့မှ မြို့မိမြို့ဖ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ
ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့နောက်
အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များသည် နောင်ယား(က)ရပ်ကွက်ရှိ ဟင်းသီးဟင်းရွက် စံပြ
စိုက်ခင်းကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြည်နယ်အတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု
တိုးတက်လာစေရန်၊ ခေတ်မီစိုက်ပျိုးနည်း စနစ်များကို တောင်သူများ သိမြင်လိုက်နာ
ဆောင်ရွက်လာစေရန်၊ စနစ်တကျ ရေအသုံးချမှုကို လက်ခံကျင့်သုံး လာစေရန်နှင့်
တောင်သူများအား မျိုးပွားနည်း၊ ကိုင်းကူးကိုင်းဆက် နည်းပညာပေးရန် စသည့် ရည်ရွယ်
ချက်များနှင့်အညီ စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုကို
ရှင်းလင်းတင်ပြသည်။
ယင်းနောက်
အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များသည် ဟင်းသီးဟင်းရွက် စံပြစိုက်ခင်းအတွင်း ရှင်သန်
ဖြစ်ထွန်းလျက်ရှိသည့် နှစ်ရှည်သီးနှံပင်များနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို
လိုက်လံ ကြည့်ရှုကြသည်။
ဆက်လက်၍
အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ခန်းမ၌ ကျင်းပသည့်
လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏
ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊
ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်
ဌာနေအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင်
အမှုဆောင်ချုပ်က ကယားပြည်နယ်သည် ဖွံ့ဖြိုးမှု အခြေခံကောင်းများစွာကို
ပိုင်ဆိုင်ထားသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ လူသိများထင်ရှားသော ဘုရားစေတီများ၊
စိုက်ပျိုးရေး၊ မွေးမြူရေး ကောင်းစွာဆောင်ရွက်နိုင်သော လယ်ယာမြေများ၊ လှပသာယာသည့်
ရေမြေ တောတောင်များ၊ ရင်းနှီးနှစ်လိုဖွယ်ကောင်းသည့် တိုင်းရင်းသားရိုးရာ
ဓလေ့များကို ပိုင်ဆိုင်ထားပါကြောင်း။
လွိုင်ကော်မြို့သည်
အကြမ်းဖက် သောင်းကျန်းသူများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ
အားလုံးစုပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် သာယာလှပအေးချမ်းသည့် မြို့အဖြစ် ပြန်လည် တွေ့မြင်နေရပြီ ဖြစ်ပါကြောင်း၊
ဆက်လက်၍ လွိုင်ကော်မြို့အပါအဝင် ပြည်နယ်တစ်ခုလုံး စဉ်ဆက်မပြတ် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးကို
လုံခြုံမှုရှိနေမှသာ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်များအနေဖြင့် တာဝန်ကိုဆတက်ထမ်းပိုး
ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက်
အမှုဆောင်ချုပ်က နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော
တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများကို ချီးမြှင့်ထောက်ပံ့ပေးအပ်သည်။
အမျိုးသား
ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များသည်
ယမန်နေ့ ညပိုင်းက ပြည်နယ်အားကစားကွင်း၌ ကျင်းပသည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့
အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲသို့ သွားရောက်ကြည့်ရှုကြပြီး ဒေသခံ ပြည်သူများအား
ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments