လစ်ဗျားနိုင်ငံတွင် ဖုန်ထူထပ်သောမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးမှု၊ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းမှုများ ဖြစ်ပေါ်
ဇန်နဝါရီ ၂၁
လစ်ဗျားနိုင်ငံအရှေ့ပိုင်းတွင်
ယမန်နေ့က ဖုန်ထူထပ်သောမုန်တိုင်းတိုက်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးကာ လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းခဲ့ရပြီး
စာသင်ကျောင်းများ ပိတ်ထားခဲ့ရကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
လစ်ဗျား လခြမ်းနီအဖွဲ့မှ
ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက လေပြင်းတိုက်ခတ်မှုကြောင့် ဘန်ဂါဇီအလယ်ပိုင်းရှိ
နေအိမ်၏ မျက်နှာကြက် ပြိုကျပြီးနောက် လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။
လေကြောင်းအာဏာပိုင်များက
မြင်ကွင်းကောင်းမွန်မှုမရှိခြင်းနှင့် အခြေအနေဆိုးရွားခြင်းတို့ကြောင့် ထရီပိုလီရှိ
မီတီဂါလေဆိပ်နှင့် ဘန်ဂါဇီရှိ ဘီနီနာလေဆိပ်တို့တွင် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းထားကြောင်းကိုလည်း
ကြေညာခဲ့ကြောင်း ဖော်ပြထားသည်။
လစ်ဗျားအရှေ့ပိုင်းရှိ အာဏာပိုင်များက
စာသင်ကျောင်းများနှင့် တက္ကသိုလ်များအားလုံးတွင် အတန်းများကို ရပ်ဆိုင်းရန်နှင့် နှစ်ရက်ကြာ
ညမထွက်ရအမိန့် ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ အနောက်ပိုင်း မစ်ရာတာမြို့တွင်လည်း အတန်းများကို
ရပ်ဆိုင်းထားသည်ဟု သိရသည်။
မိုးလေဝသဌာန၏ ပြောရေးဆိုခွင့်ရှိသူ
မိုဟီ အယ်လ်-ဒင် အလီ ရာမာဒန်က လေတိုက်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ခန့် ရှိပြီး
မြောက်အတ္တလန္တိတ်တွင် စတင်ကာ လစ်ဗျားသို့ မရောက်မီ သဲကန္တာရဒေသများကို ဖြတ်ကျော်ပြီးနောက်
ဖုန်ထူထပ်သော မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည့် လေဖိအားနည်းရပ်ဝန်းသည် ယနေ့တွင်
အရှေ့ဘက်သို့ အီဂျစ်သို့ ရွေ့လျားသွားသည်နှင့်အမျှ တဖြည်းဖြည်း အားနည်းသွားမည်ဟု ယူဆရကြောင်း
ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments