ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်)
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများနှင့် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို
မောင်နှမများခင်ဗျား
ယနေ့ ၂၀၂၆ ခုနှစ်
ဇန်နဝါရီလ ၁၅ ရက်နေ့သည် ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော
တိုင်းရင်းသားအားလုံး အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ကယားပြည်နယ်နေ့ ဖြစ်ပါသည်။
ယခုကဲ့သို့ နေ့ထူးနေမြတ်အခါသမယတွင် ကယားတိုင်းရင်းသားများနှင့် ပြည်ထောင်စုဖွား
မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
မိမိတို့နိုင်ငံ၏ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတွင်
ပြည်နယ်တစ်ခုအဖြစ်ပါဝင်သော ကရင်နီပြည်နယ်ကို ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေအရ လူထုတစ်ရပ်လုံး၏ဆန္ဒဖြင့် ၁၉၅၂ ခုနှစ် ဇန်နဝါရီလ
၁၅ ရက်နေ့မှစတင်၍ ကယားပြည်နယ်အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ထိုနေ့ကို ကယားပြည်နယ်နေ့အဖြစ် အလေးအမြတ်ထား
သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
ကယားပြည်နယ်သည် ဧရိယာစတုရန်း
မိုင်ပေါင်း ၄၅၃ဝ ကျော် ကျယ်ဝန်းပြီး မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးများနှင့်
ပြည်နယ်များတွင် လူဦးရေနှင့် ဧရိယာအကျယ်အဝန်း အနည်းဆုံးဖြစ်သော် လည်း
မြန်မာနိုင်ငံအတွင်းရှိ အခြားသောဒေသများနည်းတူ တောတောင်ရေမြေ သဘာဝ အလှတရားများနှင့်
ပြည့်စုံခြင်း၊ မြေပေါ်မြေအောက် သဘာဝသယံဇာတများ ပေါကြွယ်ဝခြင်းနှင့်
ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ရှင်သန်ခိုင်မာခြင်းများဖြင့် ပြည့်စုံသည့်
ပြည်နယ်ဖြစ်ပါသည်။ ထိုမျှသာမက ဒေသခံတိုင်းရင်းသားများ၏ ရင်းနှီးဖော်ရွေခြင်း၊
ပွင့်လင်းရိုးသားခြင်းနှင့် စိတ်ထားဖြူစင် အေးချမ်းခြင်းတို့ဖြင့်
ကောင်းမြတ်သောစရိုက်လက္ခဏာများလည်း ရှိပါသည်။ ကယားပြည်နယ်အတွင်း ကယားမျိုးနွယ်စု
(၉) မျိုးတို့သည် အခြားတိုင်းရင်းသားများနှင့်အတူ အေးအတူပူအမျှ ချစ်ခင်ရင်းနှီးစွာ
ပူးပေါင်းနေထိုင်လျက်ရှိပြီး ပြည်နယ်အကျိုးကိုလိုလားသော ဒေသခံတိုင်းရင်းသားပြည်သူတို့၏
တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုကြောင့် ဖွံ့ဖြိုးတိုးတက်သည့်
ပြည်နယ်တစ်ခုအဖြစ်လည်း ခိုင်ခိုင်မာမာရပ်တည် နိုင်ခဲ့သည့် သမိုင်းအစဉ်အလာကောင်းသော
ပြည်နယ်ဖြစ်ပါသည်။
မိမိတို့မြန်မာနိုင်ငံအတွင်းရှိ
တိုင်းရင်းသားအားလုံးတို့သည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက် လက္ခဏာများဖြင့်
ရှေးနှစ်ပေါင်းများစွာကတည်းက ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ
နေထိုင်ခဲ့ကြပါသည်။ သို့သော် နယ်ချဲ့လက်အောက်သို့ နှစ်ပေါင်း (၁၀၀) ကျော် ကျရောက် ခဲ့ပြီး စနစ်တကျသွေးခွဲအုပ်ချုပ်မှုများကြောင့်
လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင် ကွဲပြား ခြားနားသောအယူဝါဒများကို စွဲကိုင်၍
အမျိုးမျိုးသောအဖွဲ့အစည်းများ၊ ဂိုဏ်းဂဏပါတီများကွဲခဲ့ကာ စည်းလုံးညီညွတ်မှု
အားနည်းလာပြီး နိုင်ငံရေးကို လက်နက်ကိုင်နည်းလမ်းဖြင့် ရွေးချယ်အကြမ်းဖက် ဖြေရှင်းရန်
ကြိုးပမ်းခဲ့ကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ပြည်နယ်များတွင်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့ပြီး တိုက်ပွဲများ ယမ်းငွေ့များ ကြားတွင်
ဒေသခံတိုင်းရင်းသားများအားလုံး တည်ငြိမ်အေးချမ်းမှုကင်းမဲ့စွာဖြင့်
ဒုက္ခဆင်းရဲမျိုးစုံကြား ကာလကြာရှည်စွာ ဖြတ်သန်းလာခဲ့ရသည့် အနိဋ္ဌာရုံများကို
အားလုံးသိရှိပြီးဖြစ်ပါသည်။
သို့သော်လည်း
လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့်
တည်ငြိမ်အေးချမ်းရေးမှာ အရေးကြီးဆုံး လိုအပ်ချက်အဖြစ်ခံယူပြီး တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့များအား ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ကမ်းလှမ်းခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းတို့ကို
စဉ်ဆက် မပြတ် ကြိုးပမ်းအကောင်အထည်ဖော်ခဲ့ကြပါသည်။ ထာဝရငြိမ်းချမ်းရေးအတွက် လွဲမှားသည့်
လက်နက်ကိုင် တောင်းဆိုမှုများအစား မှန်ကန်သော နိုင်ငံရေးစနစ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်း
နည်းလမ်းကို ကြိုးစားလုပ်ဆောင်ခဲ့ကြပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်က
နိုင်ငံ့တာဝန် ယူခဲ့သည့်ကာလများတွင် နိုင်ငံတော်အစိုးရအနေဖြင့်
တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး ယာယီ အပစ်အခတ်ရပ်စဲရေး၊
လက်နက်စွန့်လွှတ်ရေးတို့ကို အလေးထားဆောင်ရွက်ခဲ့ရာ နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး
ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်နိုင်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်ပါသည်။
ထိုကဲ့သို့ အစဉ်အလာကောင်းများနှင့်အညီ ဒီမိုကရေစီစနစ်ကူးပြောင်းခဲ့သည့်
ပထမအစိုးရကာလတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့်
လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်ကောင်းနိုင်ရေး
အစပျိုးနိုင်ခဲ့ ပါသည်။
မိဘပြည်သူများနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား
မြန်မာနိုင်ငံသည်
ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အရှိန်အဟုန်နှင့်လျှောက်လှမ်းရန် ကြိုးစား
နေဆဲကာလအစပိုင်းတွင် တိုးတက်မှုများရှိခဲ့သော်လည်း နောက်ပိုင်းကာလတွင်
ပန်းတိုင်မရောက်မီ တက်ကျိုးခဲ့ရသည့် အခြေအနေကို ကြုံခဲ့ရပါသည်။
အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒီမိုကရေစီစနစ်၏
အသက်သွေးကြောဖြစ်သည့် လွတ်လပ်၍တရားမျှတမှုရှိသည့် ရွေးကောက်ပွဲများကျင်းပရေးကို လျစ်လျူရှုကာ
တစ်ပါတီအာဏာရရေး မသမာမှုများလုပ်ကိုင်ခဲ့သည့် အတွက် တိုင်းပြည်အခြေအနေကို
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က တာဝန်ယူခဲ့ရပါသည်။
ဆန့်ကျင်ဘက်အဖွဲ့အစည်းများက ထိုအခြေအနေပေါ်တွင် အခွင့်ကောင်းယူကာ နိုင်ငံအတွင်း
မတည်ငြိမ်မှုများ၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန်အတွက် လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို
ကျင့်သုံးခဲ့ကြပြီး နိုင်ငံအနှံ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင် ခဲ့ကြပါသည်။
အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကလည်း အသိဉာဏ်ပညာနည်းပါး၍ လမ်းလွဲရောက်နေသည့်
အကြမ်းဖက်သမား လူငယ်လူရွယ်များကို သွေးထိုးမြှောက်ပင့်၍ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊
နယ်မြေချဲ့ထွင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ မျက်ဖြူဆိုက်လေ
ဆရာကြိုက်လေဆိုသည့် စကားအတိုင်း မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းမှုမရှိဘဲ
၎င်းတို့ကြိုးဆွဲရာ ကစေလိုသော သဘောထားမမှန်သည့် ပြည်ပနိုင်ငံကြီးအချို့နှင့်
ပြည်တွင်းသစ္စာဖောက်တို့၏ ပယောဂ မျိုးစုံသည်လည်း မီးလောင်ရာလေပင့်ဖြစ်ပြီး
ယခုကာလအထိ မတည်မငြိမ်ဖြစ်နေရသည်များမှာ အထူးသတိထားသင့်သည့် အချက်ပင် ဖြစ်ပါသည်။
ကယားပြည်နယ်တွင်လည်း
အဆိုပါလက်နက်ကိုင်အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများ ပေါ်ပေါက်ခဲ့ပြီး
တည်ငြိမ်အေးချမ်းမှုပျက်ပြားကာ ပြည်သူများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရပါသည်။
အခက်အခဲများကို ကြံ့ကြံ့ခံရင်း ဒေသပြန်လည်အေးချမ်းတည်ငြိမ်ရေးနှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ၏ ပေးဆပ်မှုများစွာဖြင့်
လုပ်ဆောင်နေရသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍအပါအဝင်
ကဏ္ဍအသီးသီးကို စနစ်တကျ ပြန်လည်တည်ဆောက် ထူထောင်ပေးပြီး ဒေသခံပြည်သူများ၏
နေ့စဉ်ဘဝများ အဆင်ပြေစေရေးအတွက်လည်း အလျင်အမြန် ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်သည်
ပြန်လည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းပေါ်သို့
အချိန်တိုတိုအတွင်း ပြန်လည်ရောက်ရှိနေပြီဖြစ်ပါသည်။ ဆက်လက်၍လည်း
တိုးတက်အောင်မြင်မှုများရှိစေရန် နိုင်ငံတော်မှ ကြိုးစားဆောင်ရွက်ပေးသွားမည်
ဖြစ်ပါသည်။
မိမိဒေသ
တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနှောင့်နှေးအောင်
မိမိတို့ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကပင် လုပ်ဆောင်မှုများသည်
အရုပ်ဆိုးအကျည်းတန် သလို သမိုင်းတွင် အမည်းစက်အဖြစ်ကျန်ရစ်ခဲ့မည်သာ ဖြစ်ပါသည်။
လက်နက်ကိုင် အကြမ်းဖက်မှုများကြောင့် ပျက်စီးခဲ့ရသည့် ရုပ်ပိုင်းဆိုင်ရာများကို
ပြန်လည်ပြုပြင်ရန်လိုအပ်သလို ထိခိုက်ခံစားခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာများကိုလည်း
ပြန်လည်ကုစားရန်လိုအပ်သဖြင့် ကယား ပြည်နယ်၏ ပြန်လည်ရှင်သန်ဖွံ့ဖြိုးမှုတိုင်းအတွက်
နိုင်ငံတော်နှင့်အတူ ဒေသခံ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းလက်တွဲဆောင်ရွက်ကြရန်
လေးလေးနက်နက် တိုက်တွန်း လိုပါသည်။
ယနေ့ကာလတွင်
မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် ဦးတည်ချက်များနှင့်အညီ ပြည်သူများ လိုလား တောင့်တသည့်
စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ရောက်ရှိနိုင်ရေး အလေးထား
ဆောင်ရွက်လျက်ရှိပါသည်။ ဒီမိုကရေစီစနစ်၏ အခြေခံနှင့် အဓိကဖြစ်သည့် လွတ်လပ်၍
တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကိုလည်း ကျင်းပဆောင်ရွက်
လျက်ရှိရာ ယခုအခါ အပိုင်း (၁) နှင့် အပိုင်း (၂) တို့ကို
အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါသည်။ အပိုင်း (၃) ကို မကြာမီ ဆက်လက်ဆောင်ရွက်သွားမည်
ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရသည် ပြည်သူ့ အကျိုးကိုသာရှေးရှု၍
အမျိုးသားရေးရည်မှန်းချက် (၂) ရပ်အဖြစ် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို
ရည်မှန်းချက်ထားဆောင်ရွက်ပေးနေသလို တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ
စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်
ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကိုလည်း နိုင်ငံရေး ရည်မှန်းချက်
(၂) ရပ်အဖြစ် သန္နိဋ္ဌာန်ထားချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့တိုင်းရင်းသား ပြည်သူ
တစ်ရပ်လုံး၏ ပကတိလိုလားချက်မှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် နိုင်ငံတည်ငြိမ်
အေးချမ်းရေးပင်ဖြစ်ရာ ပြည်သူအားလုံးကလည်း ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း
မှာကြားလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား
ယခင်ထက်ပိုမို၍
အေးချမ်းသာယာပြီး ပိုမိုဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခု ပြန်လည်ဖြစ်ပေါ် လာစေရေးအတွက်
အဓိကမောင်းနှင်အားသည် ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ၏
စိတ်ဓာတ်၊ စည်းလုံးမှုနှင့် ဇွဲလုံ့လများပင်ဖြစ်ပါသည်။ နိုင်ငံပျက်စီးရာပျက်စီးကြောင်း ပယောဂစိတ်ဖြင့် တွန်းတိုက်ရိုက်ခတ်မှုများကို
ကြံ့ကြံ့ခံပြီး မည်မျှဖြိုခွဲစေကာမူ မပြိုလဲသည့် စည်းလုံးမှုနှင့်
မဆုတ်မနစ်ဆောင်ရွက်လိုသည့် ကြိုးပမ်းမှုများဖြင့် တည်ဆောက်မည်ဆိုပါက မည်သည့် အခက်အခဲကိုမဆို
ရင်ဆိုင်ကျော်လွှားနိုင်ကြမည်ဖြစ်ပါသည်။ လက်ရှိကာလတွင် အကောင်းဆုံး ကြိုးပမ်း တည်ဆောက်ခြင်းဖြင့်သာ
အနာဂတ်ကာလရှိ မိမိတို့၏ မျိုးဆက်သစ်များအပေါ်တွင် တိုးတက်ဖွံ့ဖြိုးမှုနှင့်
ကောင်းမွန်သည့် လူမှုစီးပွားဘဝများကို ပေးအပ်နိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့်
တိုင်းရင်းသားပြည်သူအားလုံး အသိဉာဏ်ပညာနှင့် သတိတရား လက်ကိုင်ထားကာ
တစ်ဦးနှင့်တစ်ဦး စိတ်ရှည်သည်းခံမှု စည်းလုံ ညီညွတ်မှုတို့ဖြင့် အနာဂတ်တွင်
တစ်နိုင်ငံလုံး တစ်ပြေးညီ သာယာအေးချမ်းစေရေးအတွက် အားသွန်ခွန်စိုက် အတူတကွ
ကြိုးပမ်းဆောင်ရွက် သွားကြပါရန်နှင့် ကယားပြည်နယ်အတွင်းရှိ
တိုင်းရင်းသားအားလုံးကလည်း စိတ်တူကိုယ်တူ အတွေးအကြံတူစွာဖြင့် ပြည်နယ်အေးချမ်းသာယာ
ရေးမှသည် နိုင်ငံ့အကျိုးကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်
ဆန္ဒပြုတိုက်တွန်းလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ
မင်းအောင်လှိုင်
ယာယီသမ္မတ၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်
No comments