သြစတြေးလျ ကလေးသူငယ်များလူမှုမီဒီယာပိတ်ပင်မှုတွင် အကောင့် ၄ ဒသမ ၇ သန်းကျော် ပိတ်သိမ်းခံရ



ဇန်နဝါရီ ၁၆

သြစတြေးလျ၏ ကမ္ဘာ့ပထမဆုံး အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ လူမှုမီဒီယာပိတ်ပင်မှု ပထမရက်များအတွင်း ကလေးသူငယ်များ၏ အကောင့် ၄ ဒသမ ၇ သန်းကျော် ပိတ်သိမ်းခံခဲ့ရကြောင်း ဖက်ဒရယ်အစိုးရက ယနေ့တွင် ပြောကြားခဲ့သည်။

အစိုးရ၏ eSafety ကော်မရှင်နာက ထုတ်ပြန်သော အချက်အလက်များအရ ဒီဇင်ဘာ ၁၀ ရက်တွင် လူမှုမီဒီယာပိတ်ပင်မှု အသက်ဝင်ပြီးနောက် ရက်အနည်းငယ်အတွင်း လူမှုမီဒီယာကုမ္ပဏီများသည် အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ၏ အကောင့်များအဖြစ် ခွဲခြားသတ်မှတ်ထားသော အကောင့် ၄ ဒသမ ၇ သန်းခန့်ကို ဖယ်ရှားခဲ့သည်ဟု သိရသည်။

လူမှုမီဒီယာကုမ္ပဏီများသည် ထိုပိတ်ပင်မှုကို လိုက်နာရန် အဓိပ္ပာယ်ရှိသော ကြိုးပမ်းအားထုတ်မှုပြုလုပ်နေခြင်းသည် အားတက်စရာဖြစ်သည်ဟု ဝန်ကြီးချုပ်အန်တိုနီက ပြောကြားခဲ့သည်။

eSafety ကော်မရှင်နာ ဂျူလီက ကနဦးရလဒ်များကို အလွန်ကျေနပ်မိကြောင်း ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သော်လည်း အသက်ကန့်သတ်ချက်အောက် ကလေးသူငယ်များ၏ အကောင့်အချို့သည် အသက်ဝင်နေဆဲဖြစ်ကြောင်း သတင်းများကို အသိအမှတ်ပြုခဲ့သည်။

TikTok၊ X နှင့် YouTube အပါအဝင် ပိတ်ပင်မှုတွင် အကျုံးဝင်သော ပလက်ဖောင်း ၁၀ ခုတွင် အကောင့်မည်မျှ ပိတ်လိုက်သည်ကိုမူ အစိုးရက ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း ဖော်ပြထားသည်။

Meta က ဒီဇင်ဘာ ၁၁ ရက်နေ့မှစ၍ Facebook၊ Instagram နှင့် Threads ပလက်ဖောင်းများတွင် အကောင့် ၅၄၄၀၀၀ ကျော်ကို ပိတ်လိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၂ ရက်က ကြေညာခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.