တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်း - မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝ ပြန်လည်ထိန်းချုပ်၊ မန္တလေး- သပိတ်ကျင်း- မိုးကုတ် ဆက်သွယ်ရေး လမ်းကြောင်းတစ်လျှောက် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်

 

နေပြည်တော် ဇန်နဝါရီ ၂၀

 

တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီ ထိန်းချုပ်ထားသည့် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား ဇန်နဝါရီ ၁၉ ရက်တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယနေ့မှစ၍ ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများအနေဖြင့် မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် စိတ်အေးချမ်းသာစွာ ပြန်လည်သွားလာနိုင်ပြီဖြစ်၍ ဒေသတွင်းကုန်စည်ကူးသန်း ရောင်းဝယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့စွာ ပုံမှန်အတိုင်းဆောင်ရွက် နိုင်ပြီဖြစ်သည်။

 

NUG အကြမ်းဖက်အဖွဲ့အနေဖြင့် မန္တလေး၊ စစ်ကိုင်းနှင့် မိတ္ထီလာ လွင်ပြင်တို့မှ လူငယ်လူရွယ်များ၊ DCS ပြုလုပ်သည့် သစ္စာဖောက်ဝန်ထမ်းများကို မက်လုံးပေးစည်းရုံးသိမ်းသွင်း၍ အကြမ်းဖက် သင်တန်းများပို့ချကာ MDY - PDF အမည်ခံအကြမ်းဖက်သမားများအဖြစ် မွေးထုတ်ခြင်း၊ ဖြစ်သည့် နည်းဖြင့် အဓမ္မအင်အားစုဆောင်းခြင်း၊ လှုံ့ဆော်အားပေးခြင်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့်ပူးပေါင်း၍ ၎င်းတို့၏ စိတ်ကူးယဉ်စစ်ရေးအိပ်မက်ဖြစ်သော မန္တလေးမြို့ကို သိမ်းပိုက်နိုင် ရေးအတွက် ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်မှစ၍ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး ဆက်စပ်ဒေသများ၌ ရှမ်း-မန်း စစ်ဆင်ရေးအမည်ဖြင့် စစ်ရေးအကြမ်းဖက်မှုများကို စစ်ကြောင်းများခွဲ၍ မိုးကုတ် - သပိတ်ကျင်း - မတ္တရာ - မန္တလေး လမ်းကြောင်းတစ်လျှောက်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့/ရွာများ၊ နိုင်ငံအကျိုးပြု အစိုးရနှင့် ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံများတွင် လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်စခန်းများအား အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခြင်းများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) စစ်ရေး လှုပ်ရှားမှုနှင့်အပြိုင် လုပ်ဆောင်လာခဲ့ကြပြီး မန္တလေးသို့ရောက်ရှိနိုင်ရေး ကြိုးပမ်းခဲ့ကြသည်။

 

ထိုကဲ့သို အကြမ်းဖက်သမားများ၏ သာလွန်အင်အားများဖြင့် တိုက်ကွက်ဖော်ဆောင်လာခဲ့မှုများကို လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် မြို့/ရွာများနှင့် နိုင်ငံအကျိုးပြု စက်ရုံ၊ အလုပ်ရုံများ ၎င်းတို့ လက်အောက်သို့ အလုံးစုံကျရောက်မှုမရှိစေရေးအတွက် မိမိတို့၏ အသက်ကိုပဓာနမထားဘဲ ရဲဝံ့ စွန့်စားစွာ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation) ကို မြေပြင်/ဝေဟင် ဟန်ချက်ညီ ပေါင်းစပ်ပြီး မြေပြင်သတင်းဖော်ထုတ်၍ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် သပိတ်ကျင်းဒေသအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်လည်းကောင်း၊ မတ္တရာဒေသတစ်ဝိုက်ရှိ အယ်လ်ဖာဘိလပ် မြေစက်ရုံနှင့် ဖယောင်းတောင် ဒေသတို့အား ဩဂုတ် ၂၈ ရက်တွင်လည်းကောင်း၊ ဆည်တော်ကြီးရေလှောင်တမံနှင့် ပတ်ဝန်းကျင်ဒေသ တစ်ဝိုက်အား နိုဝင်ဘာ ၂၅ ရက် တွင်လည်းကောင်း၊ စဉ့်ကူးဒေသတစ်ဝိုက်အား ဒီဇင်ဘာ ၁၉ ရက် တွင်လည်းကောင်း၊ အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးပြီး ယာယီစိုးမိုးထားသည့် ဧရာဝတီတံတား (ရတနာသိင်္ဃ) အား ဒီဇင်ဘာ ၂၂ ရက်တွင် လည်းကောင်း စသည်ဖြင့် တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများ ၏ စိတ်ကူးယဉ် စစ်ရေးအိပ်မက်များကို ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့သည်။

 

အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အဆိုပါဒေသများအား ယာယီထိန်းချုပ်ထားစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံ/ဆေးခန်းများနှင့် လူနေအိမ်များအား အကာအကွယ်ရယူ၍ ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ လူနေအိမ် အဆောက်အအုံများအကြားနှင့် အများပြည်သူသွားလာ အသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်း၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ စက်ရုံထုတ်ပစ္စည်းများကို ကိုယ်ကျိုးစီးပွားအဖြစ် အသုံးချခြင်း၊ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်ခဲ့ကြသဖြင့် ဒေသခံပြည်သူများအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝများ အဘက်ဘက်မှ ဆုတ်ယုတ်နိမ့်ကျခဲ့ရသည်။

 

ထိုသို့ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုနှင့် စိတ်အားထက်သန်စွာ အားပေးထောက်ခံလာခဲ့ကြပြီး အကြမ်းဖက်သမားများ၏ အဖျက်အမှောင့် လုပ်ရပ်များအပေါ် ဝိုင်းဝန်းရှုတ်ချမှုများ လုပ်ဆောင် လာခဲ့ကြသည်။ ပြည်သူလူထု၏ အားပေးထောက်ခံမှုကို မရရှိတော့သည့် အကြမ်းဖက်သောင်းကျန်း သူများသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ် ဆောင်ရွက်ခဲ့မှုများအပေါ် စိတ်ပျက်နောင်တရမှုများနှင့် အတူ ၎င်းတို့အဖွဲ့အတွင်း အနိုင်ကျင့်ဗိုလ်ကျမှုများကို လက်ခံနိုင်ခြင်း မရှိတော့ဘဲ တပ်မတော်၏ သဘောထားအမှန်ကို နားလည်သဘော ပေါက်လာကြသည့် PDF အဖွဲ့ဝင် အချို့သည် နီးစပ်ရာ စစ်ကြောင်းများနှင့်ဆက်သွယ်၍ ဥပဒေဘောင်အတွင်းသို့ လက်နက်ခဲယမ်းများနှင့်အတူ ဝင်ရောက်မှုများ လုပ်ဆောင်လာကြသည်။


 

ဆက်လက်၍ တပ်မတော် စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီ စိုးမိုးထားသည့် နေရာများကို ဒေသခံပြည်သူများနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များ၏ သတင်းပေးပို့မှုများကို စနစ်တကျ ပေါင်းစပ်သုံးသပ်ပြီး နယ်မြေသတင်း ဖော်ထုတ်၍ မန္တလေး - မတ္တရာ - စဉ့်ကူး - သပိတ်ကျင်း ဒေသတစ်ဝိုက် တည်ငြိမ်အေးချမ်းရေးနှင့် ဆက်သွယ်ရေး လမ်းကြောင်းပေါ်တွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ မန္တလေး -  မတ္တရာ  -  စဉ့်ကူး  -  သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား ဒီဇင်ဘာ ၃၁ ရက်တွင်လည်းကောင်း၊ သပိတ်ကျင်း - မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်နှင့် စိန်ကုန်းကျေးရွာ ဒေသတစ်ဝိုက်တို့အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင်လည်းကောင်း၊ ကင်းကျေးရွာနှင့် ရန်သူ့စခန်းကုန်းနေရာတို့အား ဇန်နဝါရီ ၁၅ ရက် တွင်လည်းကောင်း အသီးသီး ပြန်လည်ထိန်းချုပ်သိမ်းပိုက်ရရှိခဲ့သည်။


 

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ သပိတ်ကျင်း - မိုးကုတ် ဆက်သွယ်ရေး လမ်းကြောင်းတွင် ကျန်ရှိနေသည့် လမ်းပိုင်းနေရာအား စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ဟန်ချက်ညီဆောင်ရွက်ခဲ့ရာ ကင်းရွာဘက်မှ ချီတက်လာသည့် စစ်ကြောင်းသည် ဇန်နဝါရီ ၁၉ ရက်တွင် မလဲပေါက်ကျေးရွာအနီးရှိ ရည်မှန်းချက်နေရာနှင့် ဇန်နဝါရီ ၂၀ ရက်တွင် မလဲပေါက် ကျေးရွာအားလည်းကောင်း၊ အုန်ဒန်ကျေးရွာဘက်မှ ချီတက်လာသည့် စစ်ကြောင်းသည် ဇန်နဝါရီ ၁၇ ရက်တွင် အောင်ဗဒါန်း ကျေးရွာ၊ ဇန်နဝါရီ ၁၈ ရက်တွင် စိန်အင်းကျေးရွာ၊ ဇန်နဝါရီ ၁၉ ရက်တွင် ရွှေညောင်ပင်ကျေးရွာတို့အားလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ကာ အဆိုပါတပ်မတော် စစ်ကြောင်းများသည် ဇန်နဝါရီ ၂၀ ရက်တွင် မလဲပေါက်ကျေးရွာ၌ လက်ချင်းချိတ်ဆက် ပေါင်းဆုံနိုင်ခဲ့သဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် သပိတ်ကျင်း - မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုလုံးကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အဆိုပါ လမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

 

တပ်မတော် စစ်ကြောင်းများ အနေဖြင့် မန္တလေး - စဉ့်ကူး - မတ္တရာ  -  သပိတ်ကျင်း  -  မိုးကုတ် ဒေသတစ်ဝိုက် တည်ငြိမ်အေးချမ်းရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာအသုံးပြုနိုင်ရေးအတွက် ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ပွဲများဖြစ်ပွားခဲ့၍ တပ်မတော်မှ အရာရှိ/စစ်သည် အချို့ နိုင်ငံတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

 

ယင်းသို့ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားခဲ့သည့် ဆက်သွယ်ရေးလမ်းကြောင်း များကို တပ်မတော်က ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် မော်တော်ယာဉ်များ ပုံမှန် အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ပြီး ဒေသတွင်းကုန်စည်စီးဆင်း ကူးသန်းရောင်းဝယ်မှုများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ကာ ပညာရေး၊ ကျန်းမာရေးစသည့် ပြည်သူများ၏ လူမှု စီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် တပ်မတော်အပေါ်များစွာ ဂုဏ်ယူဝမ်းမြောက်ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

 

အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့/ရွာများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ပြန်လည်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်း ချီတက်လာသော တပ်မတော် စစ်ကြောင်းများအား အကြမ်းဖက် သောင်းကျန်းသူများ၏ မတရားနှိပ်စက်ညှဉ်းပန်းမှုဒဏ်ကို ခါးသီး စွာခံစားခဲ့ရသည့် ဒေသခံပြည်သူများက လမ်းကြောင်းတစ်လျှောက်လုံး၌ အောင်သပြေပန်းများ၊ ပန်းကုံးများ ကိုင်ဆောင်ကာ အိုးစည်ဒိုးပတ်များ တီးခတ်၍ အကအလှများဖြင့် သောင်းသောင်းဖြဖြ ဝမ်းပန်းတသာ ကခုန်ကြိုဆိုခဲ့ကြသည့် တပ်မတော်နှင့်ပြည်သူ တစ်သားတည်းဖြစ်ပေါ်နေသော မြင်ကွင်းကို ကြည်နူးဝမ်းမြောက်ဖွယ် တွေ့မြင်ရသည်။


 

တပ်မတော် စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ကာ အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် လမ်းတံတားများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ စာသင်ကျောင်းများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသအတွင်း ကုန်စည်ကူးသန်းရောင်းဝယ်မှု လွယ်ကူလျင်မြန် ချောမွေ့စေရေး၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ၊ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးတို့အတွက် ဒေသခံပြည်သူများနှင့် လက်တွဲကာ နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်









No comments

Powered by Blogger.