မမေ့မလျော့သောအပ္ပမာဒတရားဖြင့် သာသနာကိုချီးမြှောက်ထောက်ပံ့ (ကြေးမုံ)




(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ၃၃ ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ရာ စာမေးပွဲကြီးတွင် အရှင်ဝိစိတ္တသာရ၊ သက်တော် (၅၁) နှစ်၊ သိက္ခာတော် (၃၁) ဝါ၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးက တိပိဋကဓရ တိပိဋကကောဝိဒ (၁၈) ပါးမြောက် သာသနာ့အာဇာနည်ဆရာတော်အဖြစ် ပေါ်ထွန်းတော်မူခဲ့သည်။

 

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၃၁၀ ပြည့်နှစ် (၁၉၄၈ ခုနှစ်) မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်နှစ်မှ စတင်ကျင်းပခဲ့ရာ ယခုအချိန်အထိ (၇၈) ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ ပထမအကြိမ်မှ (၇၇) ကြိမ်အထိ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် (၁၇) ပါး ပေါ်ထွန်းခဲ့ရာ (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် (၁၇) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်တစ်ပါး ပေါ်ထွန်းခဲ့သည်။ နှစ်မခြားဘဲ ယခု ၁၃၈၇ ခုနှစ် (၂၀၂၆ ခုနှစ်) (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာမေးပွဲကြီးတွင် (၁၈) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်တစ်ပါး ပေါ်ထွန်းလာခဲ့သဖြင့် မြန်မာနိုင်ငံ၌ သာသနာရောင်ဝါ ထွန်းလင်းတောက်ပနေသည်ကို ကြည်ညိုနိုင်သည်။

 

သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ငါးဖြာသောအား ကိုယ်မှာထားကြလျက် အာဂုံအရကျက်မှတ်၍ ပြန်ဆိုတော်မူခဲ့ကြသော သုံးပုံပိဋက ပရိယတ္တိသာသနာတော်သည် သုံးလောကထွတ်တင် သဗ္ဗညု ဘုရားရှင်၏ သာသနာသုံးရပ်တွင် အရင်းမူလပဓာနဖြစ်သည်။ မြတ်ဗုဒ္ဓသာသနာဆိုသည်မှာ မြတ်စွာဘုရားရှင်သည် လေးဆယ့်ငါးဝါကာလပတ်လုံး ဟောကြားတော်မူခဲ့သည့် ပိဋကသုံးသွယ် နိကာယ်ငါးရပ် အဆုံးအမတရားတော်မြတ်များဖြစ်ကြ၍ ထိုအဆုံးအမတရားတော်များ စဉ်ဆက်မပြတ် ပြန့်ပွားစည်ပင်ရေးသည် ရဟန်းသံဃာတို့၏ တာဝန်နှစ်ရပ်တွင် ဂန္ထဓုရ တာဝန်ဖြစ်ပေသည်။ မြတ်စွာဘုရား၏ အဆုံးအမတရားတော်မြတ်ဟူသော ပရိယတ္တိသာသနာ ဆိတ်သုဉ်းပျောက်ကွယ်ပါက လက်တွေ့ ကျင့်ကြံကြိုးစား အားထုတ်မှုဖြစ်သည့် ပဋိပတ္တိသာသနာတော်သည်လည်း ထင်ရှား ဖြစ်ပေါ်လာနိုင်ခြင်း မရှိပေ။

 

ပဋိပတ္တိသာသနာတော် လမ်းစမှေးမှိန်သွားပါကလည်း မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်း၍သိမြင်နိုင်မှု ပဋိဝေဓ သာသနာတော် အကျိုးမြတ်သည်လည်း ဖြစ်ထွန်းပေါ်ပေါက်လာနိုင်မည်မဟုတ်ပေ။ မြတ်စွာဘုရားရှင်၏ သာသနာတော်သုံးရပ် သန့်ရှင်းတည်တံ့ တိုးတက်ပြန့််ပွားရေးသည် ပရိယတ္တိ သာသနာတော်အပေါ် အခြေခံလျက် တည်မှီနေပေသည်။ သာသနာ့အာဇာနည် အရှင်မြတ်တို့၏ ထက်သန်သော ဆန္ဒ၊ တက်ကြွသော ဝီရိယ၊ ခိုင်ကျည်သော စိတ္တ၊ နက်နဲသော ဝီမံသတည်းဟူသော အဓိပတိတရားလေးပါး လက်ကိုင်ထားကြလျက် သင်ယူကျက်မှတ်လေ့လာ ဆည်းပူးအားထုတ် အပ်သည့် ပရိယတ္တိကျမ်းဂန်များသည် လူနတ်ဗြဟ္မာသတ္တဝါ ဝေနေယျအများတို့အား မဂ်ဖိုလ်နိဗ္ဗာန် အကျိုးစီးပွားအစစ်အမှန်ကို ဧကန်ရစေနိုင်မည့် တရားတော်များဖြစ်သည့်အပြင် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး အရှည်တည်တံ့ကြောင်း အထောက်အပံ့ကောင်းပင်ဖြစ်သည်ဟု နှလုံးသွင်း ဆင်ခြင်ကြ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ကြရမည်ဖြစ်ပေသည်။

 

အာဂုံပြန်ဆို ရေးဖြေဖြေဆိုတော်မူခဲ့ကြသော သာသနာ့အာဇာနည် အရှင်သူမြတ်တို့သည် ကျမ်းမြတ် ပိဋကတ်တို့ကို နှုတ်တက်အာဂုံ အရဆောင်တော်မူကြခြင်း၊ ကျမ်းမြတ်ပိဋကတ်တို့၏ အဋ္ဌကထာ ဋီကာ စသည့်ကျမ်းဂန်တို့ကို နှံ့စပ်အောင်လေ့လာဆည်းပူးခြင်းဖြင့် လျှို့ဝှက်ခက်ခဲနက်နဲသော ဝိနိစ္ဆယတို့ကို မြတ်စွာဘုရားရှင်၏ အလိုတော်ကျ ပြတ်ပြတ်သားသား ပိုင်းခြားချဲ့ထွင် သိမြင်တော် မူကြ၍ အနာဂတ် သာသနာတော်၏တာဝန်ကို အားသွန်ကြိုးပမ်းထမ်းဆောင်နိုင်ကြမည်မှာ အမှန်ပင် ဖြစ်ပေသည်။ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးတွင် ပိဋကတ် ကျမ်းစာများကို အာဂုံဖြေဆိုတော်မူနိုင်ခဲ့ကြသည့် အရှင်သူမြတ်များ၏ သူတော်ကောင်းတရားများကို နာကြားရရုံ မျှမက ဝေနေယျများအနေဖြင့် အလွန်ရခဲသော အခွင့်အခါကောင်းကိုရကြပြီဟု နှလုံးသွင်းကြရမည် ဖြစ်သည်။ ရခဲလှသည့်ဒုလ္လဘ တရားများကို ရရှိနေသည့်အချိန်တွင် မမေ့မလျော့သော အပ္ပမာဒ တရားဖြင့် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီးကို အားပေးချီးမြှောက်ထောက်ပံ့ရင်း နိဗ္ဗာန်မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမှုကုသိုလ်များ ပွားများအားထုတ်နိုင်ကြပါ စေကြောင်း။

 

 

No comments

Powered by Blogger.