ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပညာရေးစုံညီပွဲတော် တက်ရောက်
နေပြည်တော်
ဇန်နဝါရီ ၃
၂၀၂၅-၂၀၂၆
ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင်
နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်၊ နေပြည်တော် ကောင်စီ
ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့်
ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီ/ ခရိုင်/ မြို့နယ်
ပညာရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ဆုရ ကျောင်းသား ကျောင်းသူများ
နှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်
ဦးနေမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က ပညာရေးစုံညီပွဲတော်မုခ်ဦးကို
ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး မြို့နယ်အလိုက် ကျောင်းသား ကျောင်းသူများ၏
စွမ်းရည်ပြသမှုများကို ကြည့်ရှု အားပေးသည်။
ထို့နောက်
အခမ်းအနားအစီ အစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဇေယျာသီရိမြို့နယ် အထက (၁)
ကျောင်းသား ကျောင်းသူများက စုံညီပွဲတော်တို့ နွှဲပျော် အဖွင့်သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။
ယင်းနောက်
ပြည်ထောင်စု ဝန်ကြီးက “နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ဖို့ ပညာရေးကို အားပေး စို့”
ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း အခြေခံပညာ သင်ယူပြီးမြောက်စေရေးအတွက် လူတိုင်းအကျုံးဝင်
ပညာရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ကျောင်းနေနိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်ကို
ကျင့်သုံးလျက်ရှိကြောင်း၊ အလယ်တန်းပညာ အောင်မြင်ပြီးမြောက်သူများအတွက် စက်မှု၊ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ယူနိုင်မည့် အခွင့်အလမ်းများ၊
အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၉ ကျောင်းကိုလည်း ဖွင့်လှစ်
သင်ကြားပေးလျက်ရှိကြောင်း။
အခြေခံပညာသင်ရိုးသစ်သည်
အရည်အသွေးရှိသည့် ပညာသင်ကြားရေးစနစ်ကို ဦးတည်လျက် ရှိပြီး ကျောင်းသားလူငယ် များ၏ အသိပညာဗဟုသုတ သာမက ပြဿနာဖြေရှင်းနိုင်မှု၊
ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ တာဝန်သိမှု၊
တီထွင်ကြံဆဖန်တီး နိုင်မှုနှင့် ဆန်းသစ်ဝေဖန်ပိုင်းခြားနိုင်မှု
စသည့်အသိဉာဏ်ရှိပြီး ဘက်စုံပညာပြည့်ဝသည့် ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံသားများဖြစ်စေရေး
စံသတ်မှတ်ချက်များ ထားရှိဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ကအားထားရသည့်
ပညာတတ်လူသားအရင်း အမြစ်ကောင်းများ ပေါ်ထွက်လာရေးတို့ အပြင် စိတ်ဓာတ်၊ စည်းကမ်း၊
နိုင်ငံနှင့် လူမျိုးကို တန်ဖိုးထားသည့် အလေ့အကျင့်ကောင်းများ တိုးပွားလာစေရန်
ဆရာ၊ မိဘနှင့် ပညာရေးနှင့် ဆက်စပ်သူများ အားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီပေး ကြရန်
လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက
၂ဝ၂၅ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ မြန်မာတစ်နိုင်ငံလုံး တတိယအဆင့် ဆုရရှိသူနှင့်
၂၀၂၅ ခုနှစ် (၁၄)ကြိမ်မြောက် အာဆီယံ ကျောင်းသား အားကစားပွဲတော် တွင်
ပိုက်ကျော်ခြင်း ရွှေတံဆိပ်ဆုရရှိသူကို ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပြီး
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားကာ တိုင်းအဆင့် Grade-9 အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ဆုရရှိ သူ သုံးဦးအား
ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်သည်။
ယင်းနောက်
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ နေပြည်တော် ကောင်စီ၀င်
ဦးမြင့်စိုးတို့က တိုင်းအဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့်
သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိ ခဲ့ကြသူများအား
ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက်
ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်
အထက်တန်းဆင့်၊ အလယ်တန်းဆင့် စာစီစာကုံးနှင့် ကဗျာဆုရရှိသူ များ၊ ကမ္ဘာ့ခရီးသွား
လုပ်ငန်းနေ့ အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံးဆုရရှိကြသူများ၊ National ICT
Awards 2025 (Educational Project and Skills Competition) ပြိုင်ပွဲဆုရရှိကြသူများ၊ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်
အထက်တန်းဆင့် စာစီစာကုံးနှင့် အလယ်တန်းဆင့် ကဗျာဆုရရှိကြသူများနှင့်
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အမှတ်စဉ် (၁၁၂) သေနတ်ပစ် ထူးချွန်ဆုရရှိသူများကို
ဆုများပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်၍ နေပြည်တော်
ကောင်စီနယ်မြေအတွင်း မြို့နယ်ရှစ်မြို့နယ်ရှိ ကျောင်းများမှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့်
ဖျော်ဖြေ တင်ဆက်ကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဂုဏ်ပြုဆုငွေများ
ပေးအပ်ချီးမြှင့်ကာ မြို့နယ်အလိုက် ခင်းကျင်း ပြသထားသည့် ပညာရေးဆိုင်ရာ
ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments