ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အင်းစိန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံ

 



ရန်ကုန် ဇန်နဝါရီ ၈

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အင်းစိန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယမန်နေ့က အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်က အင်းစိန်မြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်၍ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ မဲပေးစက်များ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးကိစ္စများ အလေးထားဆောင်ရွက်ရန် ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ခရိုင်မြို့နယ် ရွေးကောက်ပွဲကော်ရှင် အဖွဲ့ဝင်များသည် စော်ဘွားကြီးကုန်းရပ်ကွက် မဲရုံအမှတ်(၂) အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး မဲရုံများတွင် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုနှင့် စော်ဘွားကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကြိုတင်မဲပေးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။     

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.