ငမိုးရိပ်ဆည်နှင့် လျှပ်စစ်ရေတင်လုပ်ငန်းမှ နွေစပါး ၃၇၃၅၃ ဧကအား စိုက်ပျိုးရေပို့လွှတ်
ရန်ကုန် ဇန်နဝါရီ
၂၃
ရန်ကုန်တိုင်းဒေသကြီးတွင်
နွေစပါးဧက ၂၅၀၀၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိရာ နွေစပါး စိုက်ခင်းများ
အောင်မြင်ဖြစ်ထွန်းရန် ငမိုးရိပ်ဆည်နှင့် လျှပ်စစ်ရေတင်လုပ်ငန်းများမှ နွေစပါး
၃၇၃၅၃ ဧကအား စိုက်ပျိုးရေပို့လွှတ်နေကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန
(ရေအရင်းအမြစ်) မှ သိရသည်။
စိုက်ပျိုးရေအများဆုံး ပို့လွှတ်ပေးနေ
ယခုနှစ်
နွေစပါးရာသီတွင် ငမိုးရိပ်ဆည်တမံ တူးမြောင်းများမှ နွေစပါး ၂၂၁၃၃ ဧက၊ ဆည်တမံ၏
ရေတံခါးများမှတစ်ဆင့် ၇၃၈၆ ဧက၊ ဆည်ရေ၏ လျှပ်စစ်ရေတင်လုပ်ငန်းများမှ ၇၈၃၄
ဧကတို့ဖြင့် စုစုပေါင်း ၃၇၃၅၃ ဧကအား စိုက်ပျိုးရေပို့လွှတ်ထားပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေစပါးစိုက်ခင်း များအား ဆည်ရေပို့လွှတ်ရာ၌
ငမိုးရိပ်ဆည်တမံမှ စိုက်ပျိုးရေအများဆုံး ပို့လွှတ်ပေးနေခြင်းဖြစ်သည်။
“ဆည်တမံတွေမှာ
ရေပိုမိုသိုလှောင်နိုင်အောင် မိုးကုန်ခါနီး ရေပိုလွှဲတွေမှာ Shutter ထောင်တာ၊ သဲအိတ်တွေကာရန်တာ ဆောင်ရွက်ခဲ့ပါတယ်။
နွေစပါးစိုက်ပျိုးရေအတွက် ဒီဇင်ဘာ ၁၅ ရက်က စပြီး နေ့စဉ်မပြတ် ရေပို့လွှတ်နေပါတယ်။
မနှစ်က နွေစပါးထက် တိုးချဲ့စိုက်ပျိုးလာတဲ့အတွက် ဒီနှစ်မှာလည်း ဆည်ရေပိုပြီး
လွှတ်ပေးဖို့ရှိပါတယ်။
တိုင်းဒေသကြီးအတွင်း
စိုက်ပျိုးရေးကဏ္ဍမှာ ရည်မှန်းချက်မပြတ် ဆောင်ရွက်နေတဲ့အပြင် တောင်သူတွေလိုအပ်တဲ့
စိုက်ပျိုးရေမပြတ်ပို့လွှတ်နိုင်မှုအပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ငမိုးရိပ် ရေလှောင်တမံမှ
ဦးစီးအရာရှိ(မြို့ပြ) ဦးထွန်းလွင်က ပြောကြားသည်။
တောင်သူများ
အထူးအားထားရာ နွေစပါးစိုက်ခင်းအတွက် ဆည်ရေများကို ငမိုးရိပ်ဆည်တမံ၏
တူးမြောင်းမကြီးနှင့် လက်တံများ၊ လက်ဝဲ/လက်ယာမြောင်းမကြီးနှင့် လက်တံများမှ
ဒီဇင်ဘာလမှစ၍ မေလ ပထမပတ်အထိ ဆည်ရေပို့လွှတ်လေ့ရှိပြီး ယခုနှစ်တွင်လည်း
နွေစပါးစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းရန်နှင့် ပို့လွှတ်သောရေများ
လေလွင့်ဆုံးရှုံးမှုမရှိစေရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနနှင့်
ရေအသုံးချသူများအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ငမိုးရိပ် ရေလှောင်တမံသည်
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာအနီး နှစ်မိုင်ခန့်အကွာ၌
တည်ရှိပြီး တမံအလျားပေ ၁၅၅၀၀၊ အမြင့် ၇၅ ပေဖြင့် ကန်ရေပြည့် ဧကပေ ၁၈၀၀၀၀
သိုလှောင်နိုင်ကာ ရေထုတ်ပြွန်အမျိုးအစား သံကူကွန်ကရစ်ဖြင့် ဆည်ရေသောက်ဧရိယာ ၃၃၈၅၂
ဧကအား အကျိုးပြုရေပို့လွှတ်နိုင်သော ဆည်ကြီးဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း
တောင်သူတို့၏ နွေစပါးစိုက်ခင်းများ စိုက်ပျိုးရေ ပြည့်ဝစွာရရှိစေရန် လှည်းကူးမြို့နယ်ရှိ
ငမိုးရိပ်ရေလှောင်တမံ၊ လဂွမ်းပြင်ရေလှောင်တမံ၊ ကလီထော်ရေလှောင်တမံနှင့်
တိုက်ကြီးမြို့နယ်ရှိ တဘူးလှရေလှောင်တမံတို့မှ ဆည်ရေများ ပို့လွှတ်ပေးလျက်ရှိကာ
အောင်ရေ ရရှိသည်အထိ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ဖြစ်ထွန်းရန်
ငမိုးရိပ်ဆည်တမံနှင့် လျှပ်စစ်ရေတင်လုပ်ငန်းမှ နွေစပါးစိုက်ခင်းများကို
စိုက်ပျိုးရေမပြတ် ပို့လွှတ်နေကြောင်း သိရသည်။
ဥဿ၊ ဓာတ်ပုံ -
ကိုလွင်
No comments