အိန္ဒိယနှင့် ယူအေအီးတို့ ခြောက်နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှု နှစ်ဆတိုးမြှင့်ရန် သဘောတူညီ
ဇန်နဝါရီ ၂၁
အိန္ဒိယနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့သည် ခြောက်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ နှစ်နိုင်ငံကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်ရန် သဘောတူညီချက်တစ်ရပ် အပြီးသတ်ချုပ်ဆိုခဲ့ကြသည်။ နိုင်ငံခေါင်းဆောင်များသည် နယ်ပယ်အမျိုးမျိုးတွင် ပိုမိုနီးကပ်သောဆက်ဆံရေး တည်ဆောက်ရန်လည်း ကတိပြုခဲ့ကြသည်။
ဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် သမ္မတ ရှိတ် မိုဟာမက် ဘင် ဇေယက် အယ်လ် နာယန်တို့သည် ဇန်နဝါရီ ၁၉ ရက်က နယူးဒေလီ၌ ဆွေးနွေးခဲ့ကြသည်။
ပူးတွဲကြေညာချက်တစ်စောင်တွင် အထူးသဖြင့် ဆိုက်ဘာလုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ၎င်းတို့၏ မဟာဗျူဟာမြောက် ကာကွယ်ရေးမိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေလိုကြောင်း နှစ်ဦးနှစ်ဖက်ပြောကြားခဲ့ပြီး အဆင့်မြင့်နျူကလီးယားနည်းပညာများတွင်ပူးပေါင်းဆောင်ရွက်လေ့လာရန်လည်း သဘောတူညီခဲ့ကြသည်ဟု သိရသည်။
၂၀၂၈ ခုနှစ်မှစ၍ ယူအေအီးမှ အိန္ဒိယသို့ နှစ်စဉ် သဘာဝဓာတ်ငွေ့ရည်တန်ချိန် သုညဒသမ ၅ သန်း ထောက်ပံ့ပေးမည့် ၁၀ နှစ်တာ သဘောတူညီချက်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အိန္ဒိယသည် ယူအေအီးကဲ့သို့အရင်းအမြစ်ကြွယ်ဝသောနိုင်ငံများနှင့် ဆက်ဆံရေးကိုတိုးမြှင့်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုကို ပိုမိုမြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် ယခုတွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments