၂၀၂၆ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၇ ဒသမ ၇၃ သန်း တင်ပို့မည်



ဇန်နဝါရီ ၂၁

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၇ ဒသမ ၇၃ သန်း ရှိမည်ဟု ခန့်မှန်းထားကြောင်း ဒေသတွင်း သတင်းစာ An Ninh Thu Do က  စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနကို ကိုးကား၍ ဖော်ပြခဲ့သည်။

ဆန်တင်ပို့မှုပမာဏ၏ ၇၅ ရာခိုင်နှုန်းခန့် သို့မဟုတ် တန်ချိန် ၅ ဒသမ ၈ သန်းနီးပါးသည် အရည်အသွေးမြင့်ပြီး ရနံ့မွှေးသော ဆန်များဖြစ်မည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ဆန်တင်ပို့မှုသည် တန်ချိန် လေးသန်းကျော်အထိ ရောက်ရှိရန် ခန့်မှန်းထားပြီး အဓိကအားဖြင့် ဇန်နဝါရီ၊ မတ်နှင့် ဧပြီလတို့တွင် အဓိကထား တင်ပို့မည်ဟု သိရသည်။

ဒုတိယနှစ်ဝက်တွင် ဆန်တင်ပို့မှု တန်ချိန် ၃ ဒသမ ၇ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလတို့တွင် အမြင့်ဆုံးရောက်ရှိမည်ဟု ခန့်မှန်းရသည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၈ ဒသမ ၀၆ သန်း တင်ပို့ခဲ့ပြီး စုစုပေါင်း ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ ရရှိခဲ့သည်ဟု ထိုဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.