EV သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ
နေပြည်တော် ဇန်နဝါရီ ၂၆
အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနသည် နိုင်ငံတော်တွင် လျှပ်စစ် သုံးယာဉ် (Electric Vehicle- EV) ကဏ္ဍဖွံ့ဖြိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယနေ့မွန်းလွဲပိုင်း၌ Hybrid စနစ်ဖြင့် ကျင်းပသည့် လုပ်ငန်းကော်မတီ (၁/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်တွင် “နိုင်ငံတော် သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသော အမျိုးသားရေး ဆောင်ပုဒ်နှင့်အညီ ဖန်လုံအိမ် ဓာတ်ငွေ့(မီးခိုးများ) ထုတ်လွှတ်သည့် ယာဉ်များသုံးစွဲမှုအစား EV သုံးစွဲမှုမှတစ်ဆင့် လေထုနှင့် အသံ ညစ်ညမ်းမှုများ လျှော့ချနိုင်ကာ ကျန်းမာရေးကောင်းမွန်မှု အပါ အဝင် အခြားအကျိုးကျေးဇူးများကို ပြည်သူတို့ရရှိခံစားစေရေး၊ ကမ္ဘာနှင့်ရင်ပေါင်တန်းကာ Smart City များ ပေါ်ထွန်းလာစေရန်နှင့် Sustainable Society ကို တည်ထောင်နိုင်ရေးတို့အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီက EV ကဏ္ဍဖွံ့ဖြိုးရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒချမှတ်ကာ ဆက်စပ်ဌာနများက ညွှန်ကြားချက်များအတိုင်း တက်ညီလက်ညီဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြင်ပ EV လုပ်ငန်းရှင်များနှင့် EV သုံးစွဲသည့် ပြည်သူလူထု၏ EV နည်းပညာလိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မည့် နည်းပညာဖြန့်ဝေရေးလုပ်ငန်း စဉ်များကို ချမှတ်ထားသည့် အစီအမံများအတိုင်း ထိရောက်ပီပြင်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်၊ EV ဆိုင်ရာ မြန်မာစံချိန်စံညွှန်းများကို ထပ်မံ သတ်မှတ်ချမှတ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ကမ္ဘာတစ်ဝန်း အပြိုင်အဆိုင်ဖြင့် မြန်ဆန်စွာဖွံ့ဖြိုးလျက်ရှိသော EV နည်းပညာအရွေ့များအတိုင်း အမီလိုက်ပါနိုင်ရေး သုတေသနများကို အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက်သွားရန်၊ အိမ်စီး EV များအပြင် လယ်ယာ စိုက်ပျိုးရေးသုံး EV များ၊ ဆိုလာသုံး EV အားသွင်းစနစ်များ၊ EV Metrology နှင့် EV ဘက်ထရီ သုတေသနများကို ပိုမိုထိရောက် ပီပြင်စွာ ဆောင်ရွက်ရန်၊ တစ်ဖန် သုတေသနရလဒ်များမှ ဉာဏ ပစ္စည်း မူပိုင်ခွင့်များရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လက်တွေ့ကျသော သင်တန်းသစ်များကို ထပ်မံတိုးချဲ့ ပူးပေါင်းဖွင့်လှစ်သွားရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ လူကိုယ်တိုင်နှင့် အွန်လိုင်းတို့မှ တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြင်ပ EV အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက ယခင်လုပ်ငန်းကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အခမ်းအနားများတွင် ခင်းကျင်းပြသမည့် EV သုတေသနများ၊ အဋ္ဌမအကြိမ် မူကြမ်းအထိ ပြင်ဆင် ဆွေးနွေးခဲ့ပြီးဖြစ်သည့် EV Battery Waste Management Policy ထုတ်ပြန်နိုင်ရေးနှင့် ယခုနှစ်အတွင်း လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်အောင် အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြရာ ဒုတိယဝန်ကြီးက လိုအပ်သည့်အချက်များကို ဖြည့်စွက်ဆွေးနွေးကာ ဌာနများနှင့် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းပေး၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments