ပါကစ္စတန်နိုင်ငံ၌ ၂၀၂၆ ခုနှစ်ပထမဆုံးပိုလီယိုကာကွယ်ဆေးထိုးနှံမှုတွင် ကလေးငယ် ၄၄ သန်းကျော် ကာကွယ်ဆေးထိုးနှံ
ဖေဖော်ဝါရီ ၉
ပါကစ္စတန်နိုင်ငံတွင် ၂၀၂၆
ခုနှစ်၏ ပထမဆုံး နိုင်ငံတစ်ဝန်း ပိုလီယို ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုကို အောင်မြင်စွာအဆုံးသတ်ခဲ့ပြီး
နိုင်ငံတစ်ဝန်းရှိ ကလေး ၄၄ ဒသမ ၃ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း အမျိုးသား
အရေးပေါ် လုပ်ငန်းစင်တာက ယနေ့တွင် ပြောကြားခဲ့သည်။
အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင်
ကလေး ၂၂ ဒသမ ၉ သန်းကျော်၊ တောင်ပိုင်း ဆင်းဒ်တွင် ၁၀ ဒသမ ၅ သန်း၊ အနောက်မြောက်ပိုင်း
ခိုင်ဘာပက်တွန်ကွာတွင် ၇ ဒသမ ၁၃ သန်းနှင့် အနောက်တောင်ပိုင်း ဘာလိုချီစတန်တွင် ၂ ဒသမ
၃၆ သန်း ကာကွယ်ဆေးထိုးနှံပေးခဲ့သည်ဟုတရားဝင်အချက်အလက်များအရသိရသည်။
အခြားဒေသများဖြစ်သော ဖက်ဒရယ်မြို့တော်
အစ္စလာမာဘတ်တွင် ကလေး ၄၅၅၀၀၀ ကျော်၊ မြောက်ပိုင်း ဂီလ်ဂစ်-ဘောလ်တစ်စတန်ဒေသတွင် ၂၆၁၀၀၀
ခန့်နှင့် ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားတွင် ၆၇၃၀၀၀ ကျော်တို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ကျန်းမာရေးအာဏာပိုင်များက
၎င်းတို့၏ပူးပေါင်းဆောင်ရွက်မှုနှင့် တက်ကြွစွာပါဝင်မှုအတွက် သက်ဆိုင်သူ အားလုံးကို
ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်ဆောင်ရွက်မှုသည်
ပိုလီယိုကင်းစင်ရေးအတွက် အဓိကခြေလှမ်းတစ်ခုဟုခေါ်ဆိုခဲ့သည်။
ပါကစ္စတန်နိုင်ငံသည် ကမ္ဘာပေါ်တွင်
ပိုလီယိုရောဂါသည် ကပ်ရောဂါအဖြစ် ပျံ့နှံ့ဖြစ်ပေါ်နေဆဲနိုင်ငံနှစ်ခုအနက် တစ်နိုင်ငံအဖြစ်
ရှိနေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments