ဆံတော်ရှင်မော်တင်စွန်းဘုရားပွဲတော်လာ ပြည်သူများ သွားလာမှုအဆင်ပြေစေရန် ပုသိမ်ဆိပ်ကမ်းမှ ရှပ်ပြေးယာဉ် များဖြင့် ပို့ဆောင်ပေးလျက်ရှိ
ရန်ကုန် ဖေဖော်ဝါရီ ၂၁
ဆံတော်ရှင်မော်တင်စွန်းစေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁၆ ရက်မှ တပေါင်းလပြည့်နေ့ မတ် ၂ ရက်အထိ ကျင်းပလျက်ရှိရာ ပွဲတော်လာပြည်သူများ သွားလာမှုအဆင်ပြေစေရန်အတွက် ပုသိမ်ဆိပ်ကမ်းမှ ရှပ်ပြေး အမြန်ယာဉ်များဖြင့် ခမောက်မော်ဆိပ်ကမ်းသို့ ခရီးသွားဝန်ဆောင်မှုပေးကာ ပို့ဆောင်ပေးလျက်ရှိကြောင်း ဧရာဝတီတို င်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“ပုသိမ်ကနေ မော်တင်စွန်းကို ရှပ်ပြေး ခုနစ်စင်း၊ ရှစ်စင်း နေ့စဉ် ညနေတိုင်း ပြေးဆွဲပေးပါတယ်။ ရှပ်ပြေး ယာဉ်နဲ့ ခရီးသွားတွေ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်တဲ့အပြင် ပင်လယ်ကမ်းခြေမှာလည်း အပန်းဖြေလည်ပတ်နိုင်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးတဲ့အတွက် ခရီးသွားတွေ စိတ်အေး ချမ်းစွာ ဘုရားဖူးရင်း၊ အပန်းဖြေရင်း လာရောက်လည်ပတ်နိုင်ပါတယ်” ဟု ပုသိမ်သူရှပ်ပြေးယာဉ် တာဝန်ခံ ဦးကျော်ထွေးက ပြောသည်။
ရှပ်ပြေးယာဉ်များဖြင့် ခရီးသွားဝန်ဆောင်မှုပေးရာတွင် ရှပ်ပြေးယာဉ်များ၌ ရိုးရိုးအခန်း၊ လေပန်ကာအခန်း၊ အဲယားကွန်း အခန်း စသည့်ဝန်ဆောင်မှုများရှိပြီး ပုသိမ်ဆိပ်ကမ်းမှ ညနေ ၆ နာရီတွင် ထွက်ခွာပါက နံနက် ၁ နာရီခွဲတွင် ခမောက်မော် ဆိပ်ကမ်းသို့ ဆိုက်ကပ်လေ့ရှိကြောင်း သိရသည်။
ခရီးသွားပြည်သူများသည် ဆံတော်ရှင်မော်တင်စွန်းစေတီတော်မြတ်သို့ လာရောက်ဖူးမြော် ပြီး အပန်းဖြေခရီးစဉ်အဖြစ် ငွေတောင်ကမ်းခြေ၊ ခမောက်မော်ကမ်းခြေ၊ ဟိုင်းကြီးကျွန်း၊ ဇီးချိုင်ကျေးရွာနှင့် ကျောက်ကလပ်တို့ကို အပန်းဖြေ လည်ပတ်ကြသည်။
“ပွဲတော်ကာလအတွင်း တပေါင်းလပြည့်နေ့ ဟာ ဆံတော်ရှင်မော်တင်စွန်းဘုရားပွဲတော်ရဲ့ အစည်ကားဆုံးနေ့ ဖြစ်ပါတယ်။ အခုလို ပွဲတော်ကာလဆိုရင် ခရီးသွားတွေဟာ မော်တော်ယာဉ်နဲ့ လာရောက်ကြ တာ ရှိပါတယ်။ ပြီးတော့ ပုသိမ်မြို့ ဆိပ်ကမ်းကနေ ရှပ်ပြေး အမြန်ယာဉ်တွေနဲ့လည်း သွားကြတာလည်း ရှိပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ မော်တင်စွန်းဘုရားကို လာရောက်ဖူးမြော်ရင်း ငွေတောင်ကမ်းခြေနဲ့ ကျောက်ကလပ်ကိုလည်း အပန်းဖြေ လည်ပတ်လို့ ရတာကြောင့် ရုံးပိတ်ရက်ကာလတွေမှာ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူဦးက ပြောကြားသည်။
ဓာတ်ပုံ-ဟိုတယ်နှင့်ခရီးသွား(ဧရာဝတီ)၊ သစ္စာ(MNA)
.jpg)
No comments