ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပုသိမ်ပညာ‌ရေးဒီဂရီကောလိပ်နှင့် ပုသိမ်တက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေး



ရန်ကုန် ဖေဖော်ဝါရီ ၂၁


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်းသို့ ရောက်ရှိပြီး ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသည့် ဒေသဖြစ်ပြီး ကျောင်းသား ကျောင်းသူများ အများဆုံးတက်ရောက် သင်ကြားလျက်ရှိသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ Grade-12 အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြပြီး ဖြစ်သည်ဟု ယုံကြည်ပါ‌ကြောင်း၊ နီးကပ်လာသည့် တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲနှင့် အစိုးရ စစ်စာမေးပွဲများဖြစ်သည့် Grade-5 နှင့် Grade-9 စာမေးပွဲများအတွက် မေးခွန်းလုံခြုံမှုသည် လွန်စွာအရေး ကြီးပြီး မေးခွန်းများလုံခြုံမှုရှိ‌စေရန် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ အဆင့်ဆင့်တွင် တာဝန်ရှိပါကြောင်း၊ လာမည့်ကျောင်းဖွင့်ရာသီတွင် သက်ဆိုင်ရာကျောင်းသား ကျောင်းသူများ၏ လက်ထဲသို့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ အချိန်မီရောက်ရှိစေရန် လိုအပ်ပါ‌ကြောင်း။

လာမည့် ပညာသင်နှစ် (ဇွန်လ) မှစတင်၍ Grade-6 မှ Grade-9 အထိ အလယ်တန်းဆင့် ကျောင်းသား‌ ကျောင်းသူများကို စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များ သင်ကြားပေးနိုင်ရန် သင်ရိုးများကို ပြန်လည်ရေးဆွဲလျက်ရှိပါကြောင်း၊ ယင်းဘာသာရပ်များကို သင်ကြားရာတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ် ကျွမ်းကျင်သည့် ဆရာ ဆရာမများက အလယ်တန်းပြ ဆရာမများကို ဆင့်ပွားသင်တန်းများ ပြန်လည်သင်ကြား‌ပို့ချပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးနှင့် မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးကလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ယင်းနောက် ပုသိမ်ပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးက ပုသိမ်ပညာရေး ဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့်မြှင့်တင်နိုင်ရေးနှင့် ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ အသစ်တည်ဆောက်မည့် ကျောင်းသား ကျောင်းသူအိပ်ဆောင်များ၊ အဆောက်အအုံနေရာများ၊ Master Plan လက်ရှိနှင့် လျာထားအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပြီး လိုအပ် သည်များကို မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးက ပုသိမ်ပညာရေးဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့်မြှင့်တင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး ပြ‌ည်ထောင်စုဝန်ကြီးက ချီးမြှင့်ငွေ များကို ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ကာ စာသင်ဆောင်များ၊ ကျောင်းသား ကျောင်းသူ အိပ်‌ဆောင် များနှင့် ကျောင်းဝင်းအတွင်း ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုသိမ်တက္ကသိုလ်သို့ ရောက်ရှိပြီး ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ အရာ ထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံသည်။


ဦးစွာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် က ပုသိမ်တက္ကသိုလ်၏ အချက်အလက် အကျဉ်းချုပ်နှင့် ပညာရေး ဆိုင်ရာ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက တက္ကသိုလ်တစ်ခုတွင် သုတေသန မရှိခြင်းသည် တူရိယာမပါသော ဂီတနှင့် တူသည့်အတွက် သုတေသနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သင်ကြားရေးသည် သုတေသနနှင့် ဆက်စပ်နေမှသာလျှင် သုတေသန စာတမ်းများရေးသားရာတွင် အဆင်ပြေချောမွေ့မည်ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် မိမိတို့ တက္ကသိုလ်၏ အားသာချက်ရှိ သော ဘာသာရပ်များပေါ်တွင် အခြေခံ၍ သုတေသနစကားဝိုင်းများပြုလုပ်ရန်နှင့် ဒေသတွင်းသာမက နိုင်ငံတကာအဆင့်မီ သုတေသနစာတမ်းများ ထုတ်ဝေနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စီမံခန့်ခွဲရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားပြီး အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရာထူးတိုးပြောင်းရေးဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဆရာ ဆရာမများက သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်‌ဆွေးနွေး‌ပြောကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။


ဆက်လက်၍ ပုသိမ်တက္ကသိုလ် အပန်းဖြေရိပ်သာ တည်ဆောက်နေမှုနှင့် တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.