ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၏ ပို့ကုန် ၂၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်



ဖေဖော်ဝါရီ ၂၄

ကမ္ဘာလုံးဆိုင်ရာ အီလက်ထရွန်နစ် ထုတ်ကုန်များအတွက် လိုအပ်ချက်ဆက်လက်မြင့်တက်ကာ စက်မှုလုပ်ငန်းဆိုင်ရာ ပို့ကုန်တင်ပို့မှုများ သိသိသာသာတိုးလာခြင်းကြောင့် ထိုင်းနိုင်ငံ၏ပို့ကုန်များသည် ဇန်နဝါရီလတွင် ၁၉ လမြောက် ဆက်တိုက်တိုးတက်လာကြောင်း တရားဝင်အချက်အလက်များကို ယမန်နေ့က ဖော်ပြထားသည်။

စီးပွားရေးတိုးတက်မှု၏ အဓိကဖြစ်သောပို့ကုန်များသည် ပြီးခဲ့သည့်လက အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ ဘီလီယံအထိ ရောက်ရှိခဲ့ရာ  လေးနှစ်အတွင်း တိုးတက်မှုအများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ဇန်နဝါရီလတွင် စက်မှုလုပ်ငန်း ထုတ်ကုန် တင်ပို့မှုများသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၉ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ၂၂ လမြောက် ဆက်တိုက်တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး တယ်လီဖုန်းနှင့် ဆက်စပ် အစိတ်အပိုင်းများ၊ ကွန်ပျူတာများ၊ စက်ကိရိယာများနှင့် အစိတ်အပိုင်းများ၏ ရောင်းအား ခိုင်မာမြင့်မားနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

စိုက်ပျိုးရေး ကုန်ပစ္စည်းများ တင်ပို့မှု ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စိုက်ပျိုးရေး စက်မှုလုပ်ငန်း ထုတ်ကုန်များ ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းကာ အဓိက ကုန်ပစ္စည်းများ အထူးသဖြင့် ဆန်နှင့် ရော်ဘာတို့ သိသိသာသာ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ရှိကာ ဇန်နဝါရီလတွင် သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၂၉ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်းကိုလည်း အချက်အလက်များက ညွှန်ပြနေသည်ဟု သိရသည်။

ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံဆီသို့ ပြောင်းလဲလာမှုနှင့် AI ဒေတာစင်တာများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆက်လက်လုပ်ဆောင်နေမှုများကြောင့် ထိုင်းပို့ကုန်များသည် ၂၀၂၆ ခုနှစ်တွင် တိုးတက်မှုလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ရကြောင်း ထိုဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.