အာဖဂန်နစ္စတန်နိုင်ငံ၌ ၂၀၂၆ ခုနှစ်၏ ပထမဆုံး ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှုစတင်
ဖေဖော်ဝါရီ ၂
အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၀၂၆ ခုနှစ်၏ ပထမဆုံး ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှုကို ယနေ့တွင် စတင်လိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Sharafat Zaman Amarkhil ၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၅ ရက်အထိ စီစဉ်ထားသော လေးရက်ကြာ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှုသည် နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုအနက် ပြည်နယ်၁၈ ခုရှိ ကလေးများအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမည်ဟု သိရသည်။
အဆိုပါကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှု အောင်မြင်မှုရရှိစေရန် လူမျိုးစုအကြီးအကဲများ၊ ဘာသာရေးပညာရှင်များနှင့် မိဘများအား ကျန်းမာရေးဝန်ထမ်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ၎င်းက တောင်းဆိုထားသည်။
၂၀၂၆ ခုနှစ်တွင် ယခုအချိန်အထိ ပိုလီယိုဖြစ်ပွားမှု မရှိသေးသော်လည်း ပဋိပက္ခဖြစ်ပွားပြီးနောက် ၂၀၂၅ ခုနှစ်တွင် ပိုလီယိုဖြစ်ပွားမှုကိုးမှုထက်မနည်းဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သည်။
အာဖဂန်နစ္စတန်နှင့် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံတို့သည် ကမ္ဘာတစ်ဝန်းရှိ တောရိုင်းပိုလီယိုဗိုင်းရပ်စ် ကူးစက်မှုကို ဖယ်ရှားနိုင်ခြင်းမရှိသေးသော နိုင်ငံအနည်းငယ်တွင် ပါဝင်နေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments