ရာဇာဖြတ်သန်းရေးဂိတ် စမ်းသပ်ကာလ ပြန်လည်ဖွင့်လှစ်ရန်ကြေညာ



ဂျေရုဆလင် ဖေဖော်ဝါရီ ၁

ဂါဇာဒေသနှင့် အပြင်ကမ္ဘာကိုဆက်သွယ်ထားသည့် အဓိကလမ်းကြောင်းဖြစ်သော ရာဖာဖြတ်သန်း ရေးဂိတ်ကို စမ်းသပ်ကာလအဖြစ် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်မှစတင်ကာ ပါလက်စတိုင်းတို့ ဖြတ်သန်းသွားလာနိုင်ရန် စီစဉ်ထားသည်ဟု ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာခဲ့ သည်။

အီဂျစ်နှင့်ဂါဇာကမ်းမြောင်ဒေသကို ဆက်သွယ်ထားသည့် အဆိုပါဖြတ်သန်းရေးဂိတ်ကို ပြန်လည် ဖွင့်လှစ်ခြင်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က အသက်ဝင်ခဲ့သည့် အစ္စရေး-ဟားမားစ် အပစ် အခတ်ရပ်စဲရေးသဘောတူညီမှုအောက်ရှိ အဓိက ခြေလှမ်းလည်းဖြစ်သည်။

အရပ်သားများ သွားလာလှုပ်ရှားမှုအတွက် ရာဖာဖြတ်သန်းရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ပေးခြင်း ဖြစ်သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ အစိုးရလှုပ်ရှားမှုများဆိုင်ရာ ညှိနှိုင်း ရေးမှူးရုံးက ပြောသည်။ ယနေ့ဖွင့်လှစ်မှုသည် စမ်းသပ်ဖြတ်သန်းရေးဂိတ်လုပ်ငန်းလည်ပတ်မှုကို စစ်ဆေးရန် စမ်းသပ်မှုအဆင့်တစ်ခုသာဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက်မှစတင်၍ ဒေသခံများ၏ ဝင်ထွက်သွားလာမှုများ စတင်နိုင်မည်ဟု အဆိုပါ ရုံးကပြောသည်။ လူမှုကွန်ရက်မီဒီယာတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများအရ ရာဖာဖြတ်သန်းရေး လမ်းကြောင်းလုပ်ငန်းလည်ပတ်မှုကို ကြည့်ရှုရန် တာဝန်ပေးထားသည့် ဥရောပသမဂ္ဂ ကိုယ်စား လှယ်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက အဆိုပါလမ်းကြောင်းမှတစ်ဆင့် ဂါဇာသို့ ဝင်ရောက်ခဲ့ကြောင်း တွေ့ရသည်။

အစ္စရေး၏ခွင့်ပြုချက်ဖြင့် ပါလက်စတိုင်းဒေသခံများ ဝင်ထွက်သွားလာနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁ ရက်တွင် အဆိုပါလမ်းကြောင်းကို ပြန်ဖွင့်ပေးမည်ဟု သီတင်းပတ်အကုန်တွင် အစ္စရေးအရာရှိများက ကြေညာခဲ့သည်။

ဆင်ဟွာ

No comments

Powered by Blogger.