မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီညှိနှိုင်းအစည်းအဝေး
(၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသား
အိုလံပစ်ကောင်စီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီအတွင်းရေးမှူး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီအဖွဲ့ဝင်
ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ကျော်ထွန်း၊ ဗိုလ်ချုပ်အောင်မျိုးသန့်၊ ဦးကိုကိုကျော်၊
ဒေါ်သန်းသန်းလင်း၊ ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အမျိုးသား
အိုလံပစ်ကောင်စီကို မြန်မာနိုင်ငံအားကစားကောင်စီ အဖြစ် ပြန်လည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းနိုင်ရန်
ယခုအစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက်
အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး’’ ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်
ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးကောင်းမွန်အောင် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်
စည်းရုံးလှုံ့ဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၌ကျင်းပမည့်
အာရှအားကစားပြိုင်ပွဲနှင့် ၂၀၂၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်
(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်
ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည့် အားကစားသမားများအဖြစ်
အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ကူညီထောက်ပံ့ပေးခဲ့သည့် မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီအဖွဲ့ဝင်များဖြစ်သည့်
ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကို အထူးပင်ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကောင်စီအတွင်းရေးမှူး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက မြန်မာနိုင်ငံ အိုလံပစ်ကောင်စီ
စတင်ဖွဲ့စည်းခဲ့မှုသမိုင်းကြောင်း၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်
အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး မြန်မာနိုင်ငံအိုလံပစ်ကောင်စီအဖွဲ့ဝင်
ဒုတိယဝန်ကြီးများက မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်စီမံချက်များရေးဆွဲဆောင်ရွက်ရေး၊
မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ ဗလငါးတန်နှင့်ပြည့်စုံပြီး
အရည်အချင်းပြည့်ဝသည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးတို့အတွက်
ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြ၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments