ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် မြေပြိုမှုကြောင့် လေးဦး သေဆုံး
ဖေဖော်ဝါရီ ၆
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ကာဂါယန်ဒီအိုရိုမြို့ရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့ညနှောင်းပိုင်းက မြေပြိုမှုတစ်ခု ဖြစ်ပွားမှုကြောင့် မိသားစုတစ်စုမှမိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါမြေပြိုမှုသည် ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ရာ အဂူဆန်ရွာရှိ နေအိမ်တစ်လုံးတွင် နေထိုင်သူများ အိပ်ပျော်နေစဉ် မြေမြှုပ်သွားခဲ့သည်ဟု ဖော်ပြထားသည်။ သေဆုံးသူများတွင် ခင်ပွန်းတစ်ဦး၊ ဇနီးတစ်ဦးနှင့် ၎င်းတို့၏ ကလေးနှစ်ဦး ပါဝင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ထိုမြေပြိုမှုတွင်အသက်ရှင်ကျန်ရစ်သောအကြီးဆုံးသားဖြစ်သူက မြေပြိုမှုရုတ်တရက်ဖြစ်ပွားချိန်တွင် ၎င်းတို့မိသားစုအိပ်ပျော်နေခဲ့ရာ မြေဆီလွှာများနှင့် အပျက်အစီးများသည် ၎င်းတို့၏နေအိမ်ပေါ်သို့ ပြိုကျလာခဲ့သည်ဟု ပြောကြားခဲ့သည်။
Basyang ဟုလူသိများသော အပူပိုင်းမုန်တိုင်း Penha မှ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေဆီလွှာများ ပျော့ပျောင်းလာသဖြင့် ယင်းဒေသတွင် မြေပြိုမှုများ ဖြစ်ပွားလေ့ရှိသည်ဟု အာဏာပိုင်များကဆိုသည်။ နိုင်ငံတောင်ပိုင်းရှိနေရာများစွာတွင်လည်းရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။ အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက မင်ဒါနာအိုကျွန်း အရှေ့မြောက်ပိုင်းရှိ Caraga ဒေသတစ်လျှောက်ရှိ ရွာ ၂၁ ရွာတွင် ထိုမုန်တိုင်းကြောင့် မိသားစု ၁၈၄၈ စု သို့မဟုတ် လူဦးရေ ၆၁၅၂ ဦး ထိခိုက်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းမုန်တိုင်းသည် လက်ရှိတွင် ဘိုဟိုလ်ပင်လယ်ပေါ်တွင်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ကီလိုမီတာ ၂၀ နှုန်းဖြင့် နိုင်ငံအလယ်ပိုင်းသို့ ရွေ့လျားနေသည်ဟု ပြည်နယ်မိုးလေဝသဗျူရိုက ယနေ့နောက်ဆုံးသတိပေးချက်တွင် ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments