ကမ္ဘောဒီးယားနိုင်ငံ၏ အန်ကောဝပ်ကျောင်းတော်သို့ ဇန်နဝါရီလအတွင်း နိုင်ငံတကာ ခရီးသွားရောက်ရှိမှု ကျဆင်း



ဖေဖော်ဝါရီ ၂

ကမ္ဘောဒီးယားနိုင်ငံ၏ ကျော်ကြားသော အန်ကောဝပ် ရှေးဟောင်းသုတေသနဥယျာဉ်သို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလက နိုင်ငံတကာခရီးသွား ၉၃၄၉၁ ဦး ရောက်ရှိလာခဲ့ရာ ယခင်နှစ်က နိုင်ငံတကာခရီးသွားဝင်ရောက်မှုထက် ၃၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ယမန်နေ့ကသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာအဖြစ်စာရင်းဝင်သည့် အန်ကောဝပ်တွင် ယခုနှစ် ဇန်နဝါရီလ လက်မှတ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၂ သန်း ရရှိခဲ့ရာ ယခင်နှစ်ကရရှိမှုထက် ၃၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း နိုင်ငံပိုင် အန်ကောဝပ် လုပ်ငန်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆီရမ်ရိပြည်နယ် အနောက်မြောက်ပိုင်းတွင် တည်ရှိသော ၄၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် အန်ကောဝပ် ရှေးဟောင်းသုတေသနဥယျာဉ်သည် နိုင်ငံ၏ အထင်ရှားဆုံး ခရီးသွားနေရာဖြစ်ပြီး ကိုးရာစုမှ ၁၃ ရာစုအထိ တည်ဆောက်ခဲ့သော ရှေးဟောင်းဘုရားကျောင်း ၉၁ ကျောင်း ရှိသည်ဟု သိရသည်။

ပစိဖိတ်အာရှခရီးသွားအသင်း ကမ္ဘောဒီးယားဌာနခွဲ၏ ဥက္ကဋ္ဌ သော်န်ဆီနန်က ဆိုက်ဘာလိမ်လည်မှုများနှင့် မကြာသေးမီက ထိုင်းနိုင်ငံနှင့် နယ်စပ်ပဋိပက္ခများသည် ကမ္ဘောဒီးယား၏ ခရီးသွားလုပ်ငန်းကို ဆိုးကျိုးသက်ရောက်စေခဲ့သည်ဟု  ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.