အဂတိလိုက်စားမှုပပျောက်ရေး လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေး လူငယ်စကားဝိုင်း ကျင်းပ
မော်လမြိုင် ဖေဖော်ဝါရီ ၅
“အဂတိလိုက်စားမှုပပျောက်ရေး လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေး” လူငယ် စကားဝိုင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပသည်။
စကားဝိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယခုလို လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများသည် မိမိတို့ကျောင်း၊ လူမှုပတ်ဝန်းကျင်နှင့် နေ့စဉ်ဘဝများတွင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ဖြောင့်မတ် တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးလာနိုင်ခြင်း၊ အခြေခံ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များ၊ ကိုယ်ကျင့် တရား ပျက်ယွင်းခြင်း၏ အကြောင်းရင်းများနှင့် အဂတိလိုက်စားမှုအန္တရာယ်များကို သိရှိနားလည်နိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား လူငယ်များအနေဖြင့် အမှားအမှန်ခွဲခြားတတ် စေရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာကျောင်းများတွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး Edutainment အစီအစဉ်များ၊ လူငယ်စကားဝိုင်း တို့ကို ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းမှ ကောင်းမွန်သည့် ရလဒ်များ၊ ဆန်းသစ်သည့် အမြင်များ ထွက်ပေါ်လာပြီး အဂတိလိုက်စား မှုတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် လူငယ်များ အားတက်သရော ပါဝင်လာနိုင်စေရန်လည်း မျှော်လင့်မိပါကြောင်းနှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းကို အတူတကွတည်ဆောက် သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အဂတိလိုက်စားမှုပပျောက်ရေး လူငယ် များရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အဂတိလိုက်စားမှု ပပျောက်ရေး လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လည်ရှင်းလင်းဖြေကြားခြင်းတို့ ဆောင်ရွက်ကြပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်က ကော်မရှင်အမှတ် တံဆိပ်ပါ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments