၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိခဲ့ကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်များ၏ ဝမ်းသာပီတိစကားသံများ
၂၀၂၅ ခုနှစ်အတွက်
မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်း အနားကို ဖေဖော်ဝါရီ ၇ ရက်
ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်း ဗဟိုဌာန-၁ ၌
ခမ်းနားထည်ဝါစွာကျင်းပရာ အနုပညာနယ်ပယ် ပေါင်းစုံမှ အနုပညာရှင်၊ အတတ် ပညာရှင်များ
တက်ရောက်ကြသည်။
အဆိုပါ အနုပညာရှင်၊
အတတ် ပညာရှင်များအနက်မှ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု များကို
ထိုက်တန်စွာ ချီးမြှင့်ခံရသူများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းပီတိစကားသံများကို
ပြည်သူများသိရှိစေရန် မေးမြန်း ဝေမျှလိုက်ရပါသည်-
အကယ်ဒမီ ဦးဌေးအောင်(ဆွေဗမာ)
(ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရှင်)
ကျွန်တော့်အသက်
(၉၅)နှစ်ထဲ ရောက်ပါပြီ။ ရုပ်ရှင်သရုပ်ဆောင် သက်တမ်းလည်း ကြာခဲ့ပါပြီ။ အခုလို
တစ်သက်တာဆုကို ရရှိတဲ့အတွက် အင်မတန်ဝမ်းသာမိပါတယ်။ ဒီဆုချီးမြှင့်ပွဲမှာ အရင်က
အတူတူ သရုပ်ဆောင်ခဲ့တဲ့သူတွေကို ပြန်လည်တွေ့ရတဲ့အတွက်လည်း
စိတ်ထဲပျော်ရွှင်မိပါတယ်။ နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင်ပေးအပ်တဲ့ ဒီအကယ်ဒမီဆုကြီးကို
လက်ခံရတဲ့အတွက် ဂုဏ်ယူမိပြီး တာဝန်ရှိသူတွေ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။
အကယ်ဒမီ သရုပ်ဆောင် ဒေါ်ခင်လေးဆွေ
(ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရှင်)
ကျွန်မအသက် (၉၅)
နှစ်ရှိပါပြီ။ ဖြတ်သန်းလာခဲ့တဲ့ အနုပညာခရီး ကလည်း ကြာခဲ့ပါပြီ။ အခုအချိန် မှာ
ဒီဆုကို လက်ခံရရှိတဲ့အတွက်လည်း ဝမ်းသာပျော်ရွှင်မိပါတယ်။ သရုပ်ဆောင်အလုပ်ဆိုတာ
ပြည်သူ လူထုကြိုက်မှ ဆုရရှိတဲ့ အနအထားအထိ ရောက်ရှိတာပါ။ နောင် အနုပညာမျိုးဆက်သစ်
ကလေးတွေအနေနဲ့လည်း ကိုယ့်ကို သင်ကြားပေးတဲ့ ဆရာတွေရဲ့ စကားကို မြေဝယ်မကျ နားထောင်ပြီး
အလုပ်ကြိုးစားကြပါ။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်လို့ ပြောလိုပါတယ်။
ဒါရိုက်တာ အကယ်ဒမီ ဦးကြည်စိုးထွန်း
(ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရှင်)
ဒီရုပ်ရှင်တစ်သက်တာဆုကို
အသက် (၈၀) ကျော်မှ ပေးပါတယ်။ ရုပ်ရှင်လုပ်သက်ကလည်း အနည်း ဆုံး အနှစ် ၅၀ ရှိပြီး
ဆုတစ်ခုခုလည်း ရဖူးသူဖြစ်ရပါမယ်။ ဆုမရခဲ့လည်း ရုပ်ရှင်အကျိုးအတွက်
တကယ်လုပ်ဆောင်တဲ့ သူမျိုးဖြစ်ရမယ်။ အဲဒီလို သတ်မှတ်ပြီး ဒီဆုကို ပေးတာပါ။
အသက်ကြီးတိုင်း ပေးတာမဟုတ်ပါဘူး။ ဖြစ်နိုင်ရင် အကယ်ဒမီဆုပဲဖြစ်ဖြစ်၊ အလင်္ကာကျော်စွာပဲဖြစ်ဖြစ်
ဆုတစ်ခုခုတော့ ရတဲ့သူမျိုး၊ အသက် (၈၀) ကျော်တဲ့သူမျိုးကို ပေးတာဖြစ်ပါတယ်။ ဒီဆု
ပေးရတဲ့ အကြောင်းကို ပရိသတ်လည်း သိစေချင်လို့ ပြောပြခြင်းဖြစ်ပါတယ်။ ရုပ်ရှင်တစ်သက်တာဆု
ရရှိတဲ့သူတွေအတွက်လည်း ဝမ်းသာမိပါ တယ်။
အကယ်ဒမီ သားကျော်
(အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု)
ဒီဆုကို
ရရှိတဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဆုကိုရွေးချယ်ပေးအပ်တဲ့
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်က အနုပညာသမားတစ်ယောက် ဖြစ်တဲ့အတွက် ဒီဆုကို လိုချင်ပါတယ်။ ဒါကြောင့်
အလုပ်ကိုလည်း ပိုပြီး ကြိုးစားခဲ့ပါတယ်။ ဒီနေ့ဆုပေးပွဲမှာလည်း ဆုရရှိဖို့
ရင်ခုန်ခဲ့ရပါတယ်။ နှစ်ပေါင်း ၂၅ နှစ်ကျော်မှ ဒီဆုကို ရရှိခဲ့တာဖြစ်တဲ့အတွက်
ပြောမပြတတ်အောင် ဝမ်းသာနေမိပါတယ်။ ဒီဇာတ်ကားကို ရေခဲတောင်မှာ ၂၅ ရက်ကြာ ရိုက်ကူးခဲ့ရပါတယ်။
အခက်အခဲတွေ အများကြီးလည်း ကြုံတွေ့ခဲ့ရပါတယ်။ ရုပ်ရှင်ကားထဲမှာ တကယ့်အစစ်အမှန်ပြုလုပ်ချက်တွေနဲ့
အင်တိုက်အားတိုက် ကြိုးစား ဆောင်ရွက်ခဲ့ ပါတယ်။ အခုလို ခက်ခက်ခဲခဲ
ရိုက်ကူးခဲ့ရပြီး ဆုရရှိခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်။
အကယ်ဒမီ ဟန်ထူးဇင်
(အကောင်းဆုံးရုပ်ရှင် တေးဂီတဆု)
ကျွန်တော် ဒီဆုကို
အသက် (၁၈) နှစ်နဲ့ရရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ အမှတ်တရတွေ
အများကြီးပါပဲ။ ဇာတ်ကားထဲမှာ အတွေ့အကြုံ အများကြီးရရှိခဲ့ပြီး ကျွန်တော့်အတွက် မှတ်တိုင်လည်း ဖြစ်ခဲ့ပါတယ်။ ဒီဆုကို ရရှိတဲ့အတွက်
အင်မတန်ကို ပျော်ရွှင်မိပါတယ်။ ဆုကို ရရှိဖို့ တော်တော်လေး ကြိုးစားခဲ့ရပါတယ်။
ရုပ်ရှင်နယ်ပယ်က အတတ်ပညာရှင် ဆရာကြီးတွေဆီက သင်ယူခွင့်ရရှိပြီး အတူတကွ အလုပ်လုပ်ကိုင်ခွင့်ရတဲ့အတွက်
အဖိုးမဖြတ်နိုင်တဲ့ ပညာတွေ အများကြီးရရှိခဲ့ပါတယ်။ နောင်လည်း ဒီထက်မက အနုပညာကို
ချစ်မြတ်နိုးပြီး ပိုပြီးကြိုးစားသွားမှာပါ။ အခုလို အကောင်းဆုံး တေးဂီတဆုကိုပေးပြီး
အသိအမှတ်ပြုပေးတဲ့အတွက် တာဝန်ရှိသူတွေအားလုံး ကို ကျေးဇူးတင်ရှိပါတယ်။
အကယ်ဒမီ ကိုဂျိုး
(အကောင်းဆုံးရုပ်ရှင်အသံဆု)
ကျွန်တော်တို့
အနုပညာသမားတွေအတွက် ဒီဆုက တန်ဖိုးမဖြတ်နိုင်တဲ့ဆုပဲဖြစ်ပါတယ်။ ကျွန်တော်
ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတိုင်းကို တတ်စွမ်းသလောက် အစွမ်းကုန်ကြိုးစားပြီး စေတနာထား
ဆောင်ရွက်ပေးခဲ့ပါတယ်။ အသက် (၁၉) နှစ်ကနေစပြီး အနုပညာလောကထဲကို ဝင်လာခဲ့တာ ဖြစ်ပါတယ်။
ဒီဆုကို ရရှိခဲ့တဲ့အတွက် ရှေ့ဆက်ပြီး အနုပညာအလုပ်ကို ဆောင်ရွက်သွားဖို့ အားအင်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။
နောင်ရိုက်မယ့် ဇာတ်ကားတွေကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား သွားမှာပါ။
ကျွန်တော် အခုလိုဆုရတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေကလည်း အင်မတန် ဝမ်းသာနေကြပါတယ်။
အကယ်ဒမီ ခွန်
(အကောင်းဆုံးရုပ်ရှင် တည်းဖြတ်ဆု)
ကျွန်တော် အခုလို
အကယ်ဒမီဆုကို ရရှိခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဆုပေးပွဲကြီးမှာ
ကျွန်တော့်နာမည်ကို ကြေညာလိုက်တဲ့အခါ ရင်ခုန်စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ရပါတယ်။
ကျွန်တော် အခုလို ဆုရရှိအောင် သင်ကြားပြသလက်တွဲခေါ်ယူခဲ့တဲ့ အနုပညာရပ်ဝန်းက
ဆရာတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပထမဦးဆုံး
စတင်ရိုက်တဲ့ ဇာတ်ကားမှာတင် ဆုရရှိခဲ့တဲ့အတွက် အင်မတန်ဂုဏ်ယူမိပါတယ်။ ၂၀၁၆
ခုနှစ်ကတည်းက အနုပညာလောကထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံး အကယ်ဒမီဆုကို
ရရှိခဲ့တာဖြစ်ပါတယ်။ ရှေ့ဆက်ပြီး အနုပညာ အလုပ်တွေကို ကြိုးစားပြီး ဆောင်ရွက်သွားမှာပါ။
အကယ်ဒမီ သီလံ
(အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု)
အခုလို အကယ်ဒမီဆုကို
ရရှိခဲ့တဲ့အတွက် အင်မတန် ကျေနပ်မိပါတယ်။ မောင်နှမသုံးယောက်ရဲ့
ကြိုးစားအားထုတ်မှုတွေ အရာထင်လာခဲ့ပါပြီ။ ဆုပေးဖို့ ကိုယ့်နာမည်ကို
ကြေညာတဲ့အချိန်မှာ ရင်ခုန်ပြီး ပြောစရာစကားတောင် ရှာမတွေ့ခဲ့ပါဘူး။ ပရိသတ်တွေကလည်း
အစောကတည်းက ခန့်မှန်းပေးခဲ့ကြပါတယ်။ ပရိသတ်ခန့်မှန်းတဲ့အတိုင်း ဖြစ်လာတဲ့အတွက်လည်း
ဝမ်းသာမိပါတယ်။ နောက်ထပ်လည်း အနုပညာနဲ့ ပတ်သက်ပြီး အများကြီးကြိုးစားသွားမှာပါ။
ဒီဇာတ်ကားက အမျှော်လင့်ဆုံး ဇာတ်ကားတစ်ကားပါ။ အကယ်ဒမီဆု ရရှိအောင်အထိ
ပြီးပြည့်စုံတဲ့ ဇာတ်ညွှန်းတစ်ခု ဖြစ်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပရိသတ်တွေနဲ့
တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
Hein Film Production
(အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆု)
ကျွန်တော်တို့
ပူးပေါင်းထုတ်လုပ်တဲ့ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး ဇာတ်ကားနဲ့ ရရှိတဲ့အတွက် များစွာ
ဝမ်းသာမိပါတယ်။ အတူတကွ ပူးပေါင်းဖန်တီးမှုတွေ၊ ကြိုးစားမှုတွေကို အခုလို အသိအမှတ် ပြုခံရတဲ့အတွက်
ကျေနပ်မိပါတယ်။ အကယ်ဒမီဆု ရစေချင်လို့ အားပေးကြတဲ့ ပရိသတ်တွေကို အများကြီး
ကျေးဇူးတင်ရှိပါတယ်။ ဒီနှစ်က ဇာတ်ကားတွေ အားလုံးကောင်းကြပြီး ပြိုင်ဆိုင်မှု
ပြင်းထန် တဲ့ နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ ဒီလိုဇာတ်ကားကောင်းတွေကြားထဲက
အကယ်ဒမီဆုကို ဆွတ်ခူးရရှိ တဲ့အတွက်လည်း ဝမ်းသာပျော်ရွှင် မိပါတယ်။
အကယ်ဒမီနေတိုး၊ အကယ်ဒမီမေသန်းနု
(အကောင်းဆုံးဝတ်စားဆင်ယင်မှု အကြီးတန်းဆု )
အကယ်ဒမီ
ဆုပေးပွဲကြီးမှာ အားလုံးက အလှဆုံး ဝတ်ဆင်လာကြပါတယ်။ ဒီလို အလှဆုံးတွေ ကြားထဲမှာ
အကောင်းဆုံးဝတ်စား ဆင်ယင်မှုဆုရရှိတဲ့အတွက် ဝမ်းသာမိပါတယ်။ အမှတ်ပေး
ရွေးချယ်ပေးတဲ့ ဒိုင်တွေနဲ့ အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ဒီလို ဆုရရှိ အောင် ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့ ဒီဇိုင်နာတွေ၊ လှပအောင် ပြင်ဆင်ပေးကြတဲ့
သူတွေကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်။ ဖက်ရှင်ဆုရရှိဖို့က ကိုယ်ဝတ်တဲ့ဝတ်စုံက
မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီပြီး ဆန်းသစ်ဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေနဲ့
ကိုက်ညီအောင် ဝတ်ဆင်ပြီး အခမ်းအနားကို တက်ရောက် လာခြင်းဖြစ်ပါတယ်။ ရိုးရာဝတ်စုံတွေ
အားလုံးက တန်ဖိုးရှိကြပါတယ်။
ကောင်းမြတ်စံ၊ အကယ်ဒမီ ရတနာဗို
(အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆု)
ပထမဦးဆုံး
ဝတ်စုံချုပ်ပေးတဲ့ ဒီဇိုင်နာတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ရိုးရာဝတ်စုံနဲ့
ရရှိတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီဆုကို မျှော်လင့်ခဲ့ပေမယ့် ရရှိမယ်လို့တော့
မထင်ခဲ့မိပါဘူး။ အမှတ်ပေးရွေးချယ်ပေးခဲ့ကြတဲ့ ဒိုင်တွေနဲ့ ပရိသတ်တွေကို
ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ အကောင်းဆုံးဝတ်စား ဆင်ယင်မှုဆုရရှိတဲ့အတွက်
ပျော်ရွှင်မိနေတယ်ဆိုရင် ဒီနေ့ပွဲမှာ အကယ်ဒမီ ဆုတွေကို ဆွတ်ခူးရရှိကြတဲ့
သူတွေဆိုရင် ဘယ်လောက်တောင် ရင်ခုန်စိတ်လှုပ်ရှားနေမလဲ ဆိုတာတွေးပြီး
ပျော်ရွှင်နေမိပါတယ်။
အကယ်ဒမီ ဩရသ
(အကောင်းဆုံးဒါရိုက်တာဆု)
အခုလို
အကယ်ဒမီဆုကို ရရှိတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီဆုက ကျွန်တော့်အတွက် ဒုတိယမြောက်ဆုလို့
ပြောလို့ရပါတယ်။ ဒါကြောင့် အတိုင်းမသိပျော်ရွှင်နေမိပါတယ်။ ဒီကားကို
အနုပညာရှင်တွေအားလုံး ကြိုးစားပြီး ရိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီဇာတ်ကားရိုက်တုန်းကလည်း အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ ဒီနှစ်မှာ
ဇာတ်ကားကောင်းတွေ အများကြီးပါဝင်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။
ဒီကြားထဲက ဒီဆုကို ရရှိခဲ့တဲ့အတွက် ရှေ့ဆက်ပြီး အကောင်းဆုံး ကြိုးစားသွားပါ့မယ်။
အခုက ထပ်ဆင့်အကယ်ဒမီဖြစ်သွားတဲ့အတွက် အနုပညာအလုပ်ကို ပိုပြီးကြိုးစားဖို့
လိုသွားပါပြီ။ ကျွန်တော့်ရဲ့ အနုပညာကို အားပေးကြတဲ့ မြန်မာ့ရုပ်ရှင်ချစ်
ပရိသတ်တွေကို ကျေးဇူးတင်ရှိပါ တယ်။
အကယ်ဒမီ ခိုင်နှင်းဝေ
(အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု)
ဒီဆုကို
ရရှိတဲ့အတွက် အင်မတန်ပျော်ရွှင်မိပါတယ်။ ဆုတက်ယူတဲ့ အချိန်မှာ စိတ်လှုပ်ရှားနေလို့
ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်။ ကိုယ်
သဘောကျတဲ့ ဇာတ်ကားနဲ့ အကယ်ဒမီဆုကိုရရှိတဲ့အတွက် ကျေနပ်မိပါတယ်။ ဒီဆုရရှိခဲ့တာဟာ
ကျွန်မ တစ်ယောက်တည်း တော်လို့မဟုတ်ပါဘူး။ အားလုံးရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေနဲ့
ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် ထိုက်တန်စွာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျမိပါတယ်။ အနုပညာလောက ကို ၂၅ နှစ်ကြာ
ဖြတ်သန်းခဲ့ပြီးတော့ အခုလိုအကယ်ဒမီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
အကယ်ဒမီ နေမျိုးအောင်
(အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု)
အကယ်ဒမီဆုကို
ဆွတ်ခူးရရှိတဲ့ ခံစားချက်က ဘာနဲ့မှဖော်ပြလို့မရပါဘူး။ အင်မတန် ဝမ်းသာမိပါတယ်။ ကျွန်တော့်ရဲ့
အနုပညာ သက်တမ်းက အနှစ် ၃၀ ရှိပါပြီ။ အခုတော့ ကြိုးစားမှုတွေ အရာထင်ခဲ့ပြီလို့
ပြောလို့ရပါပြီ။ အခမ်းအနားကို အနုပညာရှင်တွေနဲ့အတူ ရင်ခုန်ဖို့အတွက် တက်ရောက်ခဲ့ခြင်း
ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဆုရတယ်လို့ ကြေညာလိုက်တဲ့အချိန်မှာ ပြော မပြတတ်အောင်
ဝမ်းသာမိပါတယ်။ ဒီနှစ် ဇာတ်ပို့ဆုရရှိသူတွေက ဗီဒီယိုလောကခေတ် ကတည်းက
အတူတူလက်တွဲပြီး သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို နှစ်တွေကြာမှ ကျွန်တော်တို့
အနုပညာမောင်နှမနှစ်ယောက် အတူတူဇာတ်ပို့ဆုကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။
နောက်ထပ်လည်း ပြည်သူတွေအတွက် ဇာတ်ရုပ်မျိုးစုံနဲ့ အနုပညာရသမြောက်အောင် ကြိုးစား
သွားမှာပါ။ အားပေးကြတဲ့ ပရိ သတ်တွေအားလုံးကို ကျေးဇူး တင်ရှိပါတယ်။
အကယ်ဒမီ ရတနာဗို
(အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု)
ဒီအကယ်ဒမီဆုကို
ရရှိတဲ့ အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုတွေ အထမြောက်ခဲ့ပြီလို့
ပြောလို့ရပါတယ်။ ဒီဆုကို ရည်မှန်းထားခဲ့ပေမယ့် စင်ပေါ်မှာ ကိုယ့်နာမည်
ခေါ်တဲ့အချိန်အထိ တကယ်ရပြီ ဆိုတဲ့စိတ်နဲ့ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဒီဆုကို
ရရှိတာဟာ ကျေးဇူးရှင် ဆရာသမားအားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပရိသတ်အားလုံးရဲ့
အားပေးမှုတွေကြောင့် ဖြစ်ပါတယ်။ ဆုရရှိအောင် ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့ တတ်သိပညာရှင်တွေ
အားလုံးကို လှိုက်လှိုက် လှဲလှဲ ရင်ထဲကနေ ကျေးဇူးတင်ရှိပါတယ်။ ပြီးတော့ ကိုယ့်ရဲ့စီနီယာ
အနုပညာရှင်တွေ အကယ်ဒမီဆု တွေရရှိခဲ့ကြတဲ့အတွက် ထပ်တူဝမ်းသာမိပါတယ်။
အကယ်ဒမီ မြင့်မြတ်
(အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု)
အခုလို
အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိတဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ ကျွန်တော်အခုဆုရရှိခဲ့တဲ့
ဇာတ်ကားကို အမြဲတမ်းအမှတ် တရရှိနေမှာပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို စတင်ဖတ်ရှုခဲ့
ကတည်းက စိတ်ဝင်စားခဲ့တာပါ။ ဇာတ်ကားရိုက်တုန်းက အခက်အခဲတချို့ ရှိခဲ့ပေမယ့်
ကြိုးစားပြီး သရုပ်ဆောင်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဒီဇာတ်ကားနဲ့ အကယ်ဒမီဆုကို
ရစေချင်တယ်။ အခုလို ရရှိခဲ့တဲ့အတွက် ပရိသတ်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီ။
ဆုရရှိတဲ့အချိန်မှာ ပထမဆုံးသတိရမိတာကတော့ ကျွန်တော့်ရဲ့ ဆရာတွေပဲ ဖြစ်ပါတယ်။
ပြီးတော့ ဇာတ်ကားမှာ ပါဝင်ပေးကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေ အားလုံးကို
ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဇာတ်ကားစရိုက်တဲ့ အချိန်ကတည်းက အားပေးလာခဲ့ကြတဲ့
ကျေးဇူးရှင် ပရိသတ်တွေကိုလည်း အထူးပဲ ကျေးဇူး တင်ရှိပါတယ်။
မျိုးဆက်သစ်
ဓာတ်ပုံ-အောင်ကြီး
No comments