ဘလက်ဘန်းက အိုဟာရှီ၏ သွင်းဂိုးဖြင့် ပရက်စတန်ကို အနိုင်ရ
ချန်ပီယံရှစ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၃၃)မှ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၂ နာရီခွဲက Ewood Park ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် ဘလက်ဘန်းနှင့် ပရက်စတန်အသင်းပွဲစဉ်တွင် ဘလက်ဘန်းအသင်းက ပွဲချိန်ပြည့်ခါနီးတွင် ရရှိခဲ့သော ယူကီအိုဟာရှီ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် နိုင်ပွဲရရှိကာ တန်းဆင်းဇုန်အထက်တွင် ပြတ်သားသောရလဒ်ဖြင့် ရပ်တည် နိုင်ခဲ့သည်။
ဘလက်ဘန်း အသင်းသည် ပရက်စတန် အသင်းထက် ဂိုးပေါက် ခြိမ်းခြောက်မှုပိုင်း သာလွန်မှုရှိခဲ့သော်လည်း ပြိုင်ဘက် အသင်း၏ တည်ငြိမ်ကျစ်လျစ်သော ကစားဟန်ကြောင့် မိနစ် ၆၀ ကျော်အထိ သွင်းဂိုးရရှိရေး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရ သည်။ ပွဲချိန် ၆၈ မိနစ်တွင် ဘလက်ဘန်း အသင်းက ကစားအားကျလာ သည့် အာနောဂပ်ဂျွန်ဆင်၏နေရာကို တိုက်စစ် အားသန်ကစားသမား ယူကီအိုဟာရှီကို ထည့်သွင်းအသုံးပြုခဲ့သည်။ ၎င်းဝင်ရောက်လာပြီးနောက် ဘလက်ဘန်း အသင်း၏ တိုက်စစ်ဆင်မှုများ ပိုမို ထိရောက်မှုရှိလာခဲ့ပြီး ဂိုးရရှိနိုင် သည့် အခွင့်အရေးများ ဖန်တီးနိုင်ခဲ့သည်။
ပရက်စတန် အသင်းသည် ဘလက်ဘန်း အသင်းဘက်သို့ ဂိုးပေါက်ခြိမ်းခြောက်မှု နည်းပါးခဲ့သော်လည်း အသင်း ကစားသမားများ၏ အဆုံးသတ်သွင်းယူမှု နှစ်ကြိမ် ဂိုးတိုင်ထိထွက်ခဲ့ သည့်အတွက် နစ်နာခဲ့ရသည်။ ထို့ပြင် ပရက်စတန် အသင်းသည် ပွဲချိန်တစ်လျှောက် ဘလက်ဘန်းအသင်း၏ တိုက်စစ်ဆင်မှုများကို တည်တည်ငြိမ်ငြိမ်ဖြင့် ဟန့်တား ရှင်းထုတ်နိုင်ခဲ့သည်။
ဘလက်ဘန်း အသင်းသည် အိမ်ကွင်းအားသာချက်ကို အသုံးချ ကာ နိုင်ပွဲရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သောကြောင့် ချန်ပီယံရှစ်နိုင်ပွဲ ၁၀ ပွဲနှင့်အတူ ရမှတ် ၃၈ မှတ်ဖြင့် တန်းဆင်းဇုန် အထက်တွင် ပြတ်သားသောရလဒ်ဖြင့် ရပ်တည် နိုင်ခဲ့သည်။
အောင်ဇော်

No comments