နွေးထွေးခိုင်ခံ့သော အိမ်ကလေးဖြစ်အောင် ပြန်လည်တည်ဆောက်ကြစို့ . . .



သဲဟန်(ဘန်ကောက်)


အိမ်ဆိုတာ ခေတ်မီတိုက်ကြီးတာကြီး၊ သိန်းသောင်းချီ၊ မတရားဈေးခေါ်တဲ့နေရာမှာရှိတဲ့အိမ်ကိုမှ အိမ်လို့ ခေါ်စေ ချင်တာမဟုတ်ပါ။ အိမ်အို ဟောင်းလေးဟာ နွေးထွေးမှုတွေ၊ ညီညွတ်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ထွေးပွေ့ထားရင် ဝါးထရံ၊ ကျူထရံနဲ့ ယိုင်နဲ့နေပါစေ၊ ဒါဟာ အိမ်ပါ ပဲ။ ယိုင်နဲ့နေတဲ့ အိမ်လေးကို ကြည့်တတ်၊ မြင်တတ်သူရဲ့ တန်ဖိုး ထားမှုကပဲ အိမ်ရဲ့တန်ဖိုးကို မြင့်တက်စေမှာပါ။ ကြည့်သောသူ မြင်မှာပါ။


သီချင်းတွေ သိပ်ကြိုက်တဲ့ စာရေးသူကတော့ ဂီတပညာရှင်တွေရဲ့နက်နဲသိမ်မွေ့မှု ဖန်တီးမှုအနုပညာရသကို ခံစားရင်း တရားလည်း ရမိတယ်၊ မျက်ရည်လည်း ဝဲမိပါတယ်။


ဂီတပညာရှင် ကိုဓိရာမိုရ်ဖန်တီးတဲ့ အိမ်ဆိုတဲ့ သီချင်းကို နားထောင်တိုင်း ရင်ဘတ်ကြီးကိုထိ၊ မျက်ရည်ဝဲမိပါတယ်။ သီချင်းစာသား တစ်စိတ်တစ်ဒေသကို မီးမောင်းထိုးပြခွင့်ပြုဖို့ ဆရာ့ကို ဒီကနေပဲ ခွင့်တောင်းပါရစေ။


အိမ်

ကမ္ဘာမြေမှာခိုလှုံရာခေါ်ဆိုခဲ့ အိမ်ရံရွေအလယ် ထည်ဝါစွာ

ဆင်စွယ်နန်းအိမ်ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်နှလုံးသားတွေ နွေးထွေးရင်ဒါဟာလည်းအိမ်…”

အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ ကမ္ဘာမြေကို ဖြူစင်စွာ

အကြင်နာမျှဝေပိုင်ဆိုင်ရာတွယ်တာရာဒီရင်သွေးတွေ

ဆည်းလည်းသံလှိုက်ခတ်စေ.. ဒီချစ်ခြင်းတွေ

ကလေးလေးတွေနွေးထွေးဖို့လေ..ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ

မြင့်မြတ်ခြင်းတွေငြိမ်းအေးခြင်းတွေကမ္ဘာမြေမှာညင်သာစွာ စီးဆင်းဖို့လေ


သီချင်းစာသားလေးကို ခံစားရင်း အမိမြေ၊ အမိမြန်မာနိုင်ငံတော်ဆိုတဲ့ အိမ်လေးကို ဘယ်လိုပြန်လည် တည်ဆောက်မလဲဆိုတဲ့ အတွေးဝင်ပြီး မြုပ်နေတဲ့ ဇာတိသွေး၊ ဇာတိမာန်တွေ တဖွားဖွားပေါ်ထွက် လာပါတယ်။ စကားလုံးကြီးကြီးတွေ မပြောတတ်ပေမယ့် တစ်အူထုံ့ဆင်း မိသားစု၊ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးမှာ ထိန်းသိမ်း တည်ဆောက်ကြဖို့ တာဝန်ရှိတာတော့ သေချာပါတယ်။


အစကောင်းရင် အနှောင်းသေချာ

အိမ်တစ်အိမ် တည်ဆောက်မယ်ဆိုရင် အခြေခံအကျဆုံးက မြေသားကို အရင်စမ်းသပ်ပြီး မြေအောက်ကစလို့ ခိုင်ခံ့အောင် ကျောက်တုံးတွေနဲ့ အခိုင်အမာအုတ်မြစ်ချရပါမယ်။ အောက်ဆုံး အခြေခံအုတ်မြစ်ခိုင်ခံ့ပြီး ကြမ်းခင်းတွေ၊ ထုပ်တန်း၊ ဒိုင်း၊ တိုင်၊ နံရံ၊ အမိုး၊ အကာ၊ ထုံး၊ သဲ၊ အုတ်၊ ဘိလပ်မြေ သေချာတွက်ချက်၊ အစကောင်းရင် အနှောင်းသေချာမှာပါ။


ခိုင်ခံ့တဲ့ နိုင်ငံတစ်နိုင်ငံတည်ဆောက်ဖို့ သီလရယ်၊ သမာဓိရယ်၊ ပညာရယ်နဲ့ အရင်အုတ်မြစ်ချရပါမယ်။ ကိုယ်ကျင့် တရားပျက်ပြားမှုတွေကို မြင်အောင် ကြည့်ရပါမယ်။ နိုင်ငံတစ်နိုင်ငံ မပြိုလဲအောင်၊ အသိဉာဏ်၊ ဆင်ခြင်တုံတရား၊ ပညာနဲ့ ပြုပြင်တည်ဆောက်ရပါမယ်။ ဖြစ်ခဲ့တဲ့အတွေ့အကြုံတွေဟာ ယူတတ်ရင် သင်ခန်းစာတွေပါ။ အမိ နိုင်ငံတော်ကြီးကို အမှန်တကယ် ပြုပြင်ထိန်းသိမ်းလိုစိတ်ရှိဖို့သာ အဓိကပါ။


ဟန်ချက်ညီကုလားထိုင် ခြေလေးချောင်း

ပြည်ထောင်စုတိုင်းရင်းသားတွေ စည်းလုံးဖို့၊ ညီညွတ်ဖို့မှာ ကုလားထိုင်ခြေလေးချောင်း ဟန်ချက်ညီသဟဇာတဖြစ်ဖို့ လိုပါတယ်။ ခြေလေးချောင်းက ဘာတွေလဲဆိုတော့ -

၁။         အုပ်ချုပ်သူ လူတန်းစား၊ မင်း၊ အစိုးရ၊

၂။         အုပ်ချုပ်ခံ လူတန်းစား၊ ပြည်သူလူထု၊

၃။         မင်းအစိုးရနဲ့ ပြည်သူကို ဩဝါဒပေးနိုင်၊ဆုံးမနိုင်တဲ့ သံဃာ့အဖွဲ့အစည်း၊ ဘာသာရေးခေါင်းဆောင်များ၊

၄။         တပ်မတော်၊ ရဲ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတာဝန်ရှိသူများ။


ဒီလေးလွှာညီညွတ်ပြီး သဟဇာတဖြစ်ရင် ပြည်ထောင်စုကြီး ခိုင်ခံ့မှာဖြစ်ပါတယ်။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနဲ့ အခိုင်အမာ တည်ဆောက်ရပါမယ်။


စာရေးသူတို့လူမျိုးက လူသုံးလေးဦးရှိရင်ကို အစိတ်စိတ်အမြွှာမြွှာ ကွဲတတ်ကြပါတယ်။ စိတ်ဓာတ်တွေ ပြင်ဖို့လိုပါတယ်။ သူတစ်လူ ငါတစ်မင်း၊ ငါ၊ ငါ၊ ငါဆိုတဲ့ အတ္တကြီးမှုတွေ၊ ငါနဲ့မတူ ငါ့ရန်သူ။ မြန်မာ တွေရဲ့ နောက်ထပ်အားနည်းချက်ကတော့ Diversity to co-exist in harmony မရှိခြင်းပါပဲ။ မတူညီကွဲပြား ခြားနားမှုတွေကို ညီညွတ်အောင်၊ သဟဇာတဖြစ်အောင် ဘယ်လိုယှဉ်တွဲနေကြမလဲဆိုတာ လက်ခံကျင့်သုံးဖို့ အားထုတ်စေချင်ပါတယ်။


အတွေးမှား၊ အယူမှားတွေ လွှမ်းမိုးပျံ့နှံ့လာခြင်းဟာလည်း အလွန် ဝမ်းနည်းစရာပါ။ ခေတ်၊ စနစ်ဆိုတာ လူက လုပ်တာပါ။ တစ်ခေတ် တစ်ခါမှာ လူတွေရဲ့ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာ၊ သာသနာ၊ အနုပညာ၊ အမူအကျင့်၊ ဓလေ့ထုံးတမ်း၊ ဝတ်စားဆင်ယင်မှု၊ ပြောဆိုမှုတွေဟာ နိုင်ငံတစ်နိုင်ငံကို ရောင်ပြန်ဟပ်တဲ့ ခေတ်တစ်ခုပါပဲ။


သိကြားမင်းကြီးက မြတ်စွာဘုရားကို မေးလျှောက်ဖူးပါတယ်။ လူတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေချင်ပေမယ့် မငြိမ်းချမ်းကြတာ ဘာကြောင့်ပါလဲတဲ့မြတ်စွာဘုရားကဣသာ၊ မစ္ဆရိယ၊ မနာလိုဝန်တိုမှု တွေကြောင့် မငြိမ်းချမ်းတာလို့.. မိန့်တော်မူပါတယ်။


ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခါနီး နောက်ဆုံးအချိန်မှာ ပရိဗိုဇ် ကြီးတစ်ဦး ရောက်လာပြီး မေးလျှောက်တာကို ဘုရားက ခွင့်ပြုခဲ့ပါ တယ်။ ခေတ်ပြိုင်ဘာသာတရားတွေ အများကြီးထဲမှာ ဘာကိုယုံရ မလဲ၊ ငြိမ်းချမ်းအောင် ဘာလုပ်ရမလဲတဲ့ ဘုရားရှင်က မိန့်ပါတယ်၊ မဂ္ဂင်ရှစ်ပါးလမ်းသာလျှင် ငြိမ်းချမ်းနိုင်တယ်၊ မဂ္ဂင်ရှစ်ပါးမရှိသော ကိုးကွယ်ရာဘာသာများဟာ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ပါတဲ့ဒီစကားနာကြားပြီးတဲ့ ပရိဗိုဇ်ကြီး တရားကျင့်တာ တရားထူးရသွားတယ်လို့ နာကြားဖူးပါတယ်။


သစ္စာ

ကတိသစ္စာ၊ တည်သောခါဝယ်၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏ တဲ့။ သစ္စာမြတ်ဗုဒ္ဓဟောကြားသမျှ တရားအနှစ်ချုပ်ကလည်း သစ္စာလေးပါးတရားပါ။


နိုင်ငံငြိမ်းချမ်းရေးတည်ဆောက်မှုရဲ့ အဓိကဆူးငြောင့်ဟာ သစ္စာ ဖောက်၊ သစ္စာပျက်ယွင်း၊ ကတိမတည်မှု၊ ငွေရရင် ဘယ်သူသေသေ၊ ငတေမာပြီးရောဆိုတဲ့ ဘက်ပြောင်းမှုတွေ၊ အဓိကအကြောင်းတရားပါ။


ငြိမ်းချမ်းရေးကိုရဖို့ဆိုရင် ငြိမ်းချမ်းရေး တကယ်လိုချင်စိတ်မရှိဘဲ ဆွေးနွေးလို့မရပါဘူး။ ငြိမ်းချမ်းရေးစကားဝိုင်းမှာ တစ်ဖက်နဲ့ တစ်ဖက်၊ တွေးခေါ်စဉ်းစားဆင်ခြင်နိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေး တူညီတဲ့ အခြေခံရှိရပါမယ်။ မဟုတ်ရင် ကျွဲပါးစောင်းတီး၊ ရသမခံစားတတ်တဲ့သူတွေက ကတိသစ္စာမတည်နိုင်ပါ၊ ပြည်ပကငွေနဲ့ သွေးထိုးတိုင်း ဘက်ကူးပြောင်းကြဦးမှာပါ၊ မယုံသင့်ပါ။


သစ္စာဆိုလို့ စစ်သားကောင်း၊ စစ်သူရဲကောင်းတွေဟာ ကတိသစ္စာ တည်လေ့ရှိပါတယ်။ မကောက်ကျစ်ပါဘူး။ ဒါကြောင့်လည်း တစ်ဖက်ရန်သူရဲ့ ကောက်ကျစ်လိမ်လည် လှည့်ဖြားမှုကြောင့် ပေးဆပ်တတ် ကြရပါတယ်။ သတိပြုဖို့လိုပါတယ်။


 မိမိတို့ရဲ့ အမျိုးသားအမွေအနှစ် နိုင်ငံတည်တံ့ခိုင်မြဲအောင်၊ မပြိုလဲအောင် တတ်စွမ်းသမျှ ပါဝင်တည်ဆောက်ပါ မယ်လို့ ရင်ထဲမှာ သစ္စာအဓိဋ္ဌာန်ပြုမိပါတယ်။


 လွတ်လပ်ရေးဆိုတာကို ဒီကနေ့မျိုးဆက်သစ်တွေ ပေါ့ပေါ့လေးမတွေးကြပါနဲ့။ ဆုံးရှုံးဖူးတဲ့အရာတွေဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။ ဝါးအစည်းပြေရင် အချိုးခံရမှာပါ။ နွားကွဲရင် ကျားကိုက်မှာပါ။ အနောက် စည်းရိုးကလည်း ယဲ့ယဲ့လေး၊ ပေးဆပ်ခဲ့ရတဲ့ စစ်သည်တွေရဲ့ အရိုးတွေနဲ့ စည်းရိုးကာထားရတာပါ။ ဒီအချိန်ဟာ မိသားစုချင်း ရန်ဖြစ်နေကြရမယ့်အချိန် မဟုတ်တော့ပါဘူး။ နိုင်ငံထိခိုက်မှုမရှိအောင်၊ မပြိုလဲအောင် ဝိုင်းကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။


အချိန်မီ ပြုပြင်ဖို့လို

မျိုးဆက်သစ်လူငယ်အချို့ဟာ ဘာသာရေးကို မလိုအပ်ဘူးလို့၊ အပိုတွေလို့ ထင်မြင်ယူဆနေကြတာ မှားတယ်နော်။ အကြမ်းဖက် သမားအားလုံးဟာ ဘာသာသာသနာ အကွပ်မရှိတဲ့သူတွေချည်းပါပဲ။ အခြေအနေမှန်ဟာ အနာဂတ်ရဲ့ လမ်းဆုံလမ်းခွ ရောက်နေပါပြီ။ ပိရမစ်အဆင့်ဆင့်ခွဲပြောရရင် စိတ်ဓာတ်တန်ဖိုး၊ ကိုယ်ကျင့်တရား၊ ဘာသာတရား ကိုင်းရှိုင်းမှုဟာ ထိပ်ဆုံးမှာရှိရပါမယ်။ ဒီအောက်မှာ ယဉ်ကျေးမှု၊ ဉာဏ်စွမ်းဉာဏ်စ၊ ဓလေ့ထုံးတမ်း၊ သူ့အောက်မှာ လူသားအရင်းအမြစ်၊ စိတ်ခံစားမှု၊ လူသားဆန်သောတန်ဖိုး၊ ပြီးမှသာအောက်ဆုံးမှာ ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝဆိုင်ရာ ရှင်သန်မှုအဆင့်ဆင့် ရှိသင့်တာပါ။ အခုတော့ အနာဂတ်သွားမယ့်လမ်းဆုံမှာ ဇောက်ထိုးမိုးမျှော် စိတ်ဓာတ်တန်ဖိုး၊ ကိုယ်ကျင့်တရား၊ ဘာသာသာသနာက အောက်ဆုံး ရောက်၊ ယဉ်ကျေးမှု ဉာဏ်စွမ်းဉာဏ်စ တန်ဖိုးတွေက အောက်ပြုတ် မကျရုံတမယ် တည်းတည်းလေး၊ ငွေကြေးရဖို့ စာရိတ္တမဏ္ဍိုင် ကျိုးပျက်တဲ့ ရုပ်ပိုင်းဆိုင်ရာကို ထိပ်ဆုံးထား ကိုးကွယ်နေကြပါပြီ။ ဒါကို အချိန်မီ မပြုပြင်နိုင်ရင်တော့ အနာဂတ်ကို မတွေးရဲပါဘူး။


စိတ်ဓာတ်တွေ အရင်ပြင်ရမှာပါ။ လောကုတ္တရာစကားနဲ့ပြောရရင် သီလ၊ သမာဓိ၊ ပညာ။ လောကီစကားနဲ့ ပြောရင်တော့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို အခြေခံအုတ်မြစ်ချရမှာပါ။ အခြေခံအုတ်မြစ်ချဖို့ ပျက်နေတဲ့ စိတ်ဓာတ်၊ စည်းကမ်းတွေကို အရင်မြေလှန်ပစ်ရမှာပါ။


ကလေးတွေကို စပြီးပျိုးထောင်

ပြည်ထောင်စုကြီးမပြိုကွဲအောင် ညီညွတ်မှုကအဓိကပါ။ နွေးထွေး ခိုင်ခံ့တဲ့အိမ်ကလေးတည်ဆောက်ဖို့ ကလေးတွေကို စပြီးပျိုးထောင် ဖို့လိုပါတယ်။ ကလေးတွေရဲ့ ဘဝလေးတွေကို စာသင်ခန်းထဲမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ အာဟာရကျွေးပြီး စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ အုတ်မြစ်ချပေးရမှာပါ။ ကျောင်းတွေမှာ တစ်ပတ်တစ်ခါ၊ တစ်လ တစ်ခါ စသဖြင့် မျိုးချစ်စိတ်ရှင်သန်ရေး၊ ဘာသာသာသနာ၊ ယဉ်ကျေး မှုထိန်းသိမ်းရေး၊ ဟောပြောပွဲတွေ၊ Game တွေနဲ့ Extracurricular အနေနဲ့ ထည့်သွင်းပေးနိုင်ရင် အကျိုးများမယ်လို့ ယုံကြည်ပါတယ်။


Diversity to co-exist in harmony concept ကို အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ အခါအားလျော်စွာ ပြင်ပ ပညာရှင်တွေ ဖိတ်ကြား ဟောပြောပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပါပဲ။ စိတ်ဓာတ်ကို ယဉ်ကျေးမှုက ပုံဖော်ပေးပါတယ်။ ကလေးတွေရဲ့ ပညာရေးကစပြီး ပြန်လည်အုတ်မြစ်ချရမှာပါ။


စာရေးသူကို မင်္ဂလာဒုံတောတိုက် ဓမ္မဆရာတော်ကြီး ဘကကျောင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ်တုန်းက ကလေးသူငယ် ဗဟိုပြုစာသင်ကြားနည်းကို လာပို့ချဖို့ညွှန်ကြားတာနဲ့ ဘကကျောင်းတော်တော်များများ မှာ workshop အလုပ်ရုံဆွေးနွေးပွဲလုပ်ခဲ့ဖူးပါတယ်။ Michael Jackson ရဲ့ Heal the World အင်္ဂလိပ်သီချင်းစာသားကို ဘာသာရပ်အနေနဲ့ သင်ကြားပေးပြီး တွေးခိုင်းပါတယ်။ ကမ္ဘာကြီးဖျားနာနေတယ် ဘယ်လိုကုပေးမလဲ၊ နှလုံးသားတစ်နေရာမှာ ချစ်ခြင်းမေတ္တာလေးရှိရင် ဒါ..ဆေးပဲလေ၊ အုပ်စုလိုက် ကြိုက်တဲ့ပုံစံနဲ့ ပုံဖော်ခိုင်းတဲ့အခါ တချို့က ကဗျာချက်ချင်းကောက်စပ်ကြသလို ပန်းချီတွေ၊ စာစုတွေနဲ့ ကလေးတွေမှာ တိမ်မြုပ်နေတဲ့ စွမ်းအားတွေ မယုံနိုင်လောက်အောင် ထွက်လာတာတွေ့ရပါတယ်။


 “From Battle War to Better World” စစ်မြေတလင်းမှသည် ပိုကောင်းသော ကမ္ဘာသစ်ကြီးဆီသို့ စတဲ့ Slogan တွေ ဖန်တီးနိုင်ကြ တာတွေ့ရပါတယ်။ စိတ်ပညာရှင်ကြီး Howard Gardner ရဲ့ ဉာဏ်စွမ်း ဉာဏ်စ ခုနစ်မျိုးကို ဒီကလေးတွေဆီမှာ တွေ့ရပါတယ်။ ဝီလျံ ရှိတ်စပီးယား (William Shakespeare)က ပြောဖူးပါတယ်၊ ကျွန်ုပ်တို့ ရဲ့ ပညာရေးဟာ မျောက်ကိုရေကူးခိုင်းပြီး ငါးကို သစ်ပင်တက်ပြိုင်ခိုင်းသလို ဖြစ်နေတယ်တဲ့။ လူမှန်နေရာမှန် ဟုတ်မနေဘူး။ ဒီကမ္ဘာကျော်ပညာရှင်ကြီးဟာ ကျောင်းမှာ သဒ္ဒါအလွန်ညံ့တယ်လို့ ဆရာတွေက မှတ်ချက်ပေးခံ ရသူပါ။


စာမေးပွဲစနစ် ကောင်းပါတယ်။ ဒါပေမယ့် သူတို့မှာ မြုပ်နေတဲ့ Multiple Intelligence တွေ ရှင်သန်ခွင့်ပြုဖို့ Extra Curricular အမှတ်ပေးစည်းမျဉ်းကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အလွတ်ကျက်ဖြေလို့ရလာတဲ့ ဂုဏ်ထူးတွေမှာ လူမှုရေးတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုး၊ ဘာသာရေးတန်ဖိုး၊ ပင်ကိုစွမ်းရည်တီထွင်စမ်းသပ်မှုကို မတွေ့ နိုင်ပါဘူး။ အဲဒီအလုပ်ရုံဆွေးနွေးပွဲတွေမှာ ဆယ်မိနစ်အတွင်း ကဗျာတစ်ပုဒ်စပ်နိုင်တဲ့ ကလေးအတွက် သူ့အရည် အချင်းကို ပြသဖို့၊ အမှတ်ရဖို့ အခွင့်အရေးမရှိပါဘူး။

နိုင်ငံချစ်စိတ်၊ ယဉ်ကျေးမှုဓလေ့ထုံးစံချစ်စိတ်လေးတွေရှိလာအောင် ပျော်စရာလှုပ်ရှားတက်ကြွမှုတွေ၊ Project - Based Activity လေးတွေ ရှိသင့်တယ်ထင်ပါတယ်။ ရိုးရာဝတ်စုံနေ့ စသဖြင့် ပြည်တွင်း ဖြစ်ကို အားပေးအောင် တိုက်တွန်းသင့်ပါတယ်။


ပြည်ထောင်စုစိတ်ဓာတ်တွေ ရှင်သန်ဖို့၊ ကလေးတွေ နွေးထွေးဖို့၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ မှီတည်ရာ ဘာသာတရားတွေနဲ့ ခိုလှုံရာ အိမ်ကလေးတည်ဆောက်ဖို့ ကလေးတွေရဲ့ ပညာရေးကစ အခြေခံ အုတ်မြစ်ချရမှာပါ။

မြင့်မြတ်ခြင်းတွေ၊ ငြိမ်းချမ်းခြင်းတွေ ကမ္ဘာမြေမှာ စီးဆင်းဖို့ အားလုံးအတူ လက်တွဲပြီး အိမ်လေးတစ်အိမ် ပြန်လည်တည်ဆောက် ကြရအောင်ပါ။


မာယာကင်းမဲ့၊ မနာလိုကင်းမဲ့၊ မစ္ဆရိယချည်နှောင်မှုကင်းမဲ့တဲ့ ကမ္ဘာမြေမှာ တို့အိမ်၊ ငါတို့အိမ်ကလေးကို ရဲရဲဝံ့ဝံ့ ပြန်လည် တည်ဆောက်ကြပါစို့။    

No comments

Powered by Blogger.