ကချင်ပြည်နယ်ဝန်ကြီးချုပ် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဘူးဂါးကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၄
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနား ခရိုင်နှင့် မိုးညှင်းခရိုင်အတွက် လျှပ်စစ်ဓာတ်အား ပိုမို တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဘူးဂါးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ပြောကြား
တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ကချင်ပြည်နယ်အတွင်း လက်ရှိလျှပ်စစ်ဓာတ်အား ကို ချီဖွေငယ်တစ်ခုတည်းကသာ ဖြန့်ဖြူးပေးနိုင်သည့်အတွက် မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်အတွက် အုပ်စုခွဲ၍ တစ်ရက်လျှင် ၆ နာရီခန့်သာ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ကြောင်း၊ ဘူးဂါးပိုင် မလိဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ရေးအတွက် (၆၆)ကေဗွီဓာတ်အား လိုင်းအားလိုင်း ၂ ဒသမ ၈ မိုင်ကို ပြောင်းရွှေ့တည်ဆောက်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၎င်းဓာတ်အားရရှိပါက မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော် မြို့တို့အား ပိုမိုဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့်အပြင် ပြည်သူများ၏ အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဘူးဂါးကုမ္ပဏီအနေဖြင့် မလိ ဓာတ်အားပို့လွှတ်ဖြန်းဖြူးနိုင်ရေး ပြင်ဆင်ဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်ဦးစီးမှူးက မြစ်ကြီးနား ခရိုင်နှင့် မိုးညှင်းခရိုင်တို့ကို ချီဖွေငယ်မှ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် အခြေအနေနှင့် အချိန်တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် မလိ ဓာတ်အားရရှိရေး စစ်ဆေးဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့ဝင် ဦးလမိုင်ခွန်ဂျာက (၆၆)ကေဗွီဓာတ်အားလိုင်း ပြင်ဆင်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေးဆိုင်ရာများ၊ ဘူးဂါးကုမ္ပဏီမှ တာဝန်ရှိသူများက မလိလျှပ်စစ် ဓာတ်အား ထုတ်လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် (၆၆)ကေဗွီ ဓာတ်အားလိုင်း ၂ ဒသမ ၈ မိုင်ခန့် အသစ်တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်း တွေ့ရှိချက်များ၊ အခက်အခဲနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မလိခခန်းမ၌ ကျင်းပသည့် ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းမှူးက တက္ကသိုလ်ဝင်စာမေးပွဲ အတွက် မေးခွန်းလွှာများနှင့် အဖြေလွှာများ သတ်မှတ်ချိန်အမီ မြို့နယ်အလိုက် ပေးပို့ရောက်ရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပေါ် အလေး အနက်ထား ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ် ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲတွင် စာရင်းသွင်းထားသူဦးရေ ၁၁၈၅၄ ဦးနှင့် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး စာမေးပွဲအတွက် စာရင်းသွင်းထားသူဦးရေ ၂၀၀ တို့အတွက် တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်များအလိုက် စာမေးပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက ဖြည့်စွက်ဆွေးနွေးပေးပြီး ပြည်နယ် ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments