ရွှေတိဂုံစေတီတော် (၂၆၁၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည် ပူဇော်ပွဲကျင်းပ
ရန်ကုန် ဖေဖော်ဝါရီ ၂၁
ရွှေတိဂုံစေတီတော် (၂၆၁၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီက ရွှေတိဂုံစေတီ ရင်ပြင်တော် ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့များက နှစ်ကျိပ်ရှစ်ဆူဘုရားများကို ရှေးဟောင်း ဗုဒ္ဓရုပ်ပွားများတန်ဆောင်းစုရပ်မှ စတင် ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား တစ်ပတ်လှည့်လည်ပူဇော်၍ ချမ်းသာကြီးတန်ဆောင်းအတွင်း ပင့်ဆောင်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် (၂၆၁၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက သီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကျင်းပရေးနှင့် စပ်လျဉ်း၍ အလှည့်ကျ သဘာပတိ ဂေါပကအဖွဲ့ဝင် ဦးသောင်းစိန်ဦးက ဗုဒ္ဓပူဇနိယမင်္ဂလာ အဖွင့်စကား ဖတ်ကြားလျှောက်ထားသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်၊ ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ဝင်များက ဆီမီးထွန်းညှိ ပူဇော်ပြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အား ဖွင့်လှစ်ပေးကာ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်များက မဟာပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော် ကိ စုပေါင်းရွတ်ဖတ်ပူဇော်ကြပြီး ဗဟိုမဏ္ဍပ်အတွင်းရှိ ရတနာဃရစံအိမ်တော်အတွင်း အသင့်နေရာယူထားသော သံဃာတော်များက မဟာပဋ္ဌာန်းဒေသနာတော်ကို အသံမစဲဆက်လက် ရွတ်ဖတ်ပူဇော်သည်။
ရွှေတိဂုံစေတီတော် (၂၆၁၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် မဟာပဋ္ဌာန်း ဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့ မှ မတ် ၂ ရက်အထိ ၁၀ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments