ဆွီဒင်နိုင်ငံ၌ လူငယ်ဂိုဏ်းဝင်ရာဇဝတ်မှုများ မြင့်တက်လာသဖြင့် လူငယ်အကျဉ်းထောင်များ ဖွင့်လှစ်မည်
ဖေဖော်ဝါရီ ၂၁
ဆွီဒင်နိုင်ငံတွင် လူငယ်ဂိုဏ်းရာဇဝတ်မှုများ မြင့်တက်လာမှုကို ဖြေရှင်းရန်အတွက် အသက် ၁၃ နှစ်အရွယ် ကလေးများအတွက် အကျဉ်းထောင်များတွင် လူငယ်စခန်းများ တည်ထောင်သွားမည်ဟု တရားရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
လူငယ်ဂိုဏ်းရာဇဝတ်မှုသည် နိုင်ငံအတွင်း ပြင်းထန်သောပြဿနာတစ်ခု ဖြစ်လာကြောင်းနှင့် စခန်းအသစ်များတွင် အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြားရှိ ပြစ်မှုကျူးလွန်သူများကို ထားရှိမည်ဖြစ်ပြီး အချို့ကိစ္စများတွင် အသက် ၂၀ အထိ ရှိမည်ဖြစ်ကြောင်း တရားရေးဝန်ကြီး Gunnar Strommer က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယင်းပြုပြင်ပြောင်းလဲမှုသည် ပြစ်ဒဏ်ကျခံနေရသော လူငယ်များကို အစိုးရပိုင် လူငယ်ဂေဟာများရှိ လက်ရှိ ထောင်ကျလူငယ်စောင့်ရှောက်မှုစနစ်မှ ဝေးကွာသွားစေမည်ဖြစ်သည်။
လက်ရှိနေထိုင်ရာအဆောက်အအုံများတွင် အရွယ်မရောက်သေးသူများကို မဖြစ်မနေစောင့်ရှောက်မှုနှင့် ကြီးကြပ်မှုအောက်တွင် ထားရှိလေ့ရှိပြီး ရိုးရာထောင်ဒဏ်ထက် ကုသမှုနှင့် ပြန်လည်ထူထောင်ရေးကို အဓိကထားရှိသည်။ ထိုဝန်ကြီးဌာန၏ပြောကြားချက်အရ လူငယ်ဂိုဏ်းနှင့်ဆက်စပ်နေသော လူငယ် ၁၀ ဦးတွင် ကိုးဦးသည် ယင်းစောင့်ရှောက်မှုတွင် နေထိုင်ပြီးနောက် ပြစ်မှုပြန်လည်ကျူးလွန်ကြသည်ဟု သိရသည်။
ပြစ်ဒဏ်ချမှတ်ခံရသော လူငယ်များသည် လူငယ်ဂေဟာများထက် အကျဉ်းထောင်အသစ်များတွင် ပိုမိုကောင်းမွန်သော ပံ့ပိုးမှုကို ရရှိမည်ဟု တရားရေးဝန်ကြီးက ပြောကြားခဲ့သည်။
လူငယ်တစ်ဦးချင်းစီ၏တိုးတက်မှုကို စောင့်ကြည့်ရန် အမှုအရာရှိတစ်ဦးကို တာဝန်ပေးအပ်မည်ဖြစ်ကြောင်းနှင့် အခန်းတစ်ခန်းအတွင်း အများဆုံးခွင့်ပြုထားသောအချိန်သည် တစ်နေ့လျှင် ၁၁ နာရီဖြစ်ပြီး အရွယ်ရောက်ပြီး အကျဉ်းသားများအတွက် ၁၄ နာရီထက်လျော့နည်းကြောင်း ဖော်ပြထားသည်။
လူငယ်စခန်းများကို ဇူလိုင်လတွင် အကျဉ်းထောင်သုံးခုတွင် ဖွင့်လှစ်ရန် မျှော်လင့်ရပြီး ပြစ်ဒဏ်မချမှတ်ရသေးသော လူမှုရေး သို့မဟုတ် အပြုအမူဆိုင်ရာပြဿနာရှိသောလူငယ်များကို လက်ရှိလူငယ်ဂေဟာများတွင် ဆက်လက် ထားရှိမည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments