ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယ အစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်မြတ်၏ နိဂမနဩဝါဒကထာ
[ ၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်
(၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်) စနေနေ့]
သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ဦးတည်ချက်ဖြင့် ထက်သန်တက်ကြွသော သာသနာပြု စိတ်ဓာတ် အပြည့်အဝထားကာ ကြွရောက်တော်မူလာကြကုန်သော သာသနာ့ဦးသျှောင် ဖြစ်တော်မူကြ သည့် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အရှင်မြတ်တို့ဘုရား။
ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်(၁၉-၂-၂၀၂၆) ရက်နေ့မှစ၍ ကျင်းပခဲ့သော နဝမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးကြီးသည် ဤနေ့ ဤရက် ဤအချိန်အခါသမယတွင် ဇယမင်္ဂလာပြည့်စုံစွာဖြင့် ဝမ်းသာရွှင်ပြုံးပီတိဖုံးလျက် ပြီးဆုံးခြင်းသို့ ရောက်ခဲ့ ပါပြီဘုရား။
ဤအစည်းအဝေးကြီး ချောမောအောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့မှ ဆရာတော်အရှင်မြတ်တို့၏ ကြီးမားသောလုံ့လဥဿာဟဖြင့် ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီပေးကာ ကြွရောက်ချီးမြှောက်တော်မူခြင်း၊ အစည်းအဝေးကြီးသို့ မကြွရောက်နိုင်ကြသော ဆရာတော်အရှင်မြတ် တို့က သဘောတူဆန္ဒပေးတော်မူကြခြင်း၊ သက်တော်ရှည် သံဃာ့ဦးသျှောင် ဖြစ်တော်မူကြသော နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများကလည်း ဩဝါဒကထာများ မိန့်ကြားချီးမြှင့်တော်မူကြခြင်း၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော်များ၏ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ အဖြာဖြာသော သာသနာ့ကိစ္စတို့ကို လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်တော်မူခြင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်များ၏ နိုင်ငံတော်သံဃဝိနိစ္ဆယ၊ နိုင်ငံတော်သီးခြားသံဃဝိနိစ္ဆယ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်စုံစမ်းရေးစသော ကျရာတာဝန်များကို အားသွန် ကြိုးပမ်း ထမ်းဆောင်တော်မူခြင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာကို အပြုသဘောဖြင့် ဝေဖန်ဆွေးနွေးအကြံပေးကာ အတည်ပြုပေးတော်မူကြခြင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမှူးပြုသော အရာထမ်း၊ အမှုထမ်းများက အစည်းအဝေးကြီး ပြီးမြောက်အောင် စီစဉ်ဆောင်ရွက်ပေး ခြင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာဥပတ္ထမ္ဘကများက ကြိုဆိုပင့် ဆောင်ရေး၊ နေရာထိုင်ခင်းပြင်ဆင်ချထားရေး၊ ဝေယျာဝစ္စဆောင်ရွက်ရေး စသည်တို့ကို အဘက်ဘက်က မလစ်ဟင်း ရလေအောင် ဆောင်ရွက်ပေးခြင်း၊ စေတနာရှင်ဆွမ်းဒါယကာ ဒါယိကာမများက ဆွမ်းခဲဖွယ် ဘောဇဉ်တို့ကို လှူဒါန်းထောက်ပံ့ပေးခြင်း၊ လုံခြုံရေး၊ ကျန်းမာရေး၊ သန့်ရှင်းရေးကအစ အားလုံးတာဝန် ကျေပွန်စွာ ထမ်းဆောင်ပေးခြင်းစသော အထောက်အပံ့များကို အပြည့်အဝရရှိခြင်းကြောင့်သာလျှင် ယခုလို ချောမောအောင်မြင်စွာ ကျင်းပနိုင် ခဲ့ခြင်းဖြစ်ပါသည်ဘုရား။ ထို့ကြောင့် ဤအစည်းအဝေးကြီး ချောမော အောင်မြင်အောင်အဘက်ဘက်က အားပေးချီးမြှောက် ထောက်ပံ့ကြသော ရဟန်းရှင်လူ အားလုံးတို့ကို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကြီးက ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
တပည့်တော်တို့ ယခုလို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များက တစ်နှစ်တစ်ကြိမ် စည်းဝေးကြ၍လည်းကောင်း၊ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များက လေးလတစ်ကြိမ် စည်းဝေးကြ၍ လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယက တာဝန် ကျအဖွဲ့ခွဲဝင် ဆရာတော်များက တစ်ပတ်တစ်ကြိမ် စည်းဝေးကြ၍ လည်းကောင်း၊ သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိစ္စများ ကို အညီအညွတ်ဆောင်ရွက်နေသရွေ့ ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိ တော်လာ ဘိက္ခု အပရိဟာနိယ ဒေသနာတော်နှင့်လွန်စွာ ညီညွတ်သောကြောင့် သာသနာတော်မဆုတ်ယုတ်ကြောင်း၊ သာသနာတော် တည်တံ့ကြောင်းဖြစ်သည့် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်နေကြခြင်းပါတကားဟု ဆင်ခြင်ကာ လွန်စွာအားရနှစ်သက်ဖွယ်ကောင်းလှပါသည်ဘုရား။
ဒီဃနိကာယ်၊ မဟာဝဂ္ဂအဋ္ဌကထာ၌လည်း ရဟန်းတော်များ မပြတ်မလပ် မစည်းဝေးဘဲနေကြလျှင် အနယ်နယ်အရပ်ရပ်က သာသနာရေးဆိုင်ရာသတင်းမှန်များကို မကြားနိုင်ကြကြောင်း၊ သတင်းမှန်များကို မကြားရသည့်အတွက် မည်သည့်ကျောင်းတိုက်၌ ပြဿနာဖြစ်ပေါ်နေသည်၊ မည်သည့်ဒေသက ရဟန်း များသည် သာသနာတော်နှင့် မအပ်စပ်သည့်အမှုများကို ကျူးလွန်နေကြသည် စသည်တို့ကိုမကြား မသိနိုင်ကြောင်း၊ ပါပဘိက္ခုများကလည်း ရဟန်းသံဃာသည် မေ့လျော့နေသည်ဟု သိကြ၍ အုပ်စုဖွဲ့ကာ သာသနာတော် ဆုတ်ယုတ်ကြောင်းအမှုများကို ကျူးလွန်တတ်ကြကြောင်း၊ ရဟန်းသံဃာများ မပြတ်မလပ်စည်းဝေးတော်မူကြ၍ မမေ့မလျော့ခြင်းကြောင့် ပါပဘိက္ခုများအုပ်စုဖွဲ့ကာ ထင်သလိုမနေ နိုင်မှန်းသိကြ၍ တိမ်းရှောင်ကြရကြောင်း စသည်ဖြင့် ရဟန်းတော်များ မပြတ်မလပ် မစည်းဝေးခြင်း ကြောင့် သာသနာတော်ဆုတ်ယုတ်ပုံနှင့် ရဟန်းတော်များ မပြတ်မလပ်စည်းဝေးခြင်းကြောင့် သာသနာတော်တိုးတက်ပုံတို့ကို အကျယ်တဝင့် ရှင်းလင်းဖွင့်ပြထားပါသည် ဘုရား။ (ဒီ၊ ဋ္ဌ၊ ၂၊ ၁၁၄) သို့ဖြစ်၍ ဆရာတော်တို့ သံဃာ့အစည်းအဝေးများသို့ မပျက်မကွက် တက်ရောက်တော်မူကြ၍ အညီအညွတ် ညှိနှိုင်းတိုင်ပင်တော်မူကြပြီးလျှင် သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားကြောင်းဖြစ် သော သာသနာရေး၊ ဝိနိစ္ဆယရေး၊ ပညာရေးစသော သာသနာတော်ကိစ္စများကို အားကြိုးမာန်တက် ဆောင်ရွက်တော်မူကြပါရန် တောင်းပန်တိုက်တွန်းအပ်ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ အခန်း(၂)၊ အပိုဒ်(၁၂)၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းမှု၏ ရည်ရွယ်ချက်များ၊ အပိုဒ်ခွဲ(ဆ)၌ “သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်ရာ၌ သံဃာ့ဂိုဏ်းများ သည်ကြီးသည် ငယ်သည်မဟူ စည်းလုံးညီညွတ်မှုကိုရှေးရှု၍ ဆောင်ရွက်ကြရန်ဖြစ်သည်”ဟု ပြဆိုထားပါ သည်ဘုရား။ ဤရည်ရွယ်ချက်သည် အလွန်အရေးကြီးပါသည်။ သံဃာ့ဂိုဏ်းများ အချင်းချင်းစည်းလုံး ညီညွတ်နေမှသာ တပည့်တော်တို့ ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တည်တံ့ခိုင်မြဲနေမည် ဖြစ်ပါသည် ဘုရား။ သို့ဖြစ်၍ သူ့ဂိုဏ်းကိုယ့်ဂိုဏ်းဟု ဂိုဏ်းဂဏစိတ်များကို ပယ်ဖျောက်တော်မူကြကာ ဂိုဏ်းတစ်ပါး၏အလိုကို အခြားဂိုဏ်းတစ်ပါးက ဓမ္မဝိနယလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်လျော ဆောင်ရွက်ပေးခြင်းဖြင့် သံဃာစည်းလုံးညီညွတ်မှုကို အထူးအလေး ဂရုပြုတော်မူကြပါရန် လျှောက်ထား အပ်ပါသည်ဘုရား။
ဤသို့ သာသနာတော်အတွက် အစည်းအဝေးကြီးများ ကျင်းပသည့်အခါတိုင်း စိတ်ပါဝင်စားစွာ လေ့လာ မှတ်သားခြင်း၊ ဝေဖန်ဆွေးနွေးအကြံဉာဏ်များပေးခြင်း စသည်တို့ဖြင့်လည်းကောင်း၊ မိမိတို့ အခြေခံဒေသ သို့ ပြန်လည်ရောက်ရှိတော်မူကြသည့်အခါ၌လည်း မိမိတို့အခြေခံဒေသရှိ ရပ်/ကျေး၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ် အဖွဲ့အစည်းဝင်ဆရာတော်များနှင့် ညီညီညာညာလက်တွဲ၍ အမြဲရှင်သန် ထက်မြက်နေသော သာသနာပြုစိတ်ဓာတ်ဖြင့် သာသနာတော်ကြီးသန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် သံဃာတော်များ တည်ငြိမ် အေးချမ်းစွာပရိယတ်၊ ပဋိပတ်တရားများ အားထုတ်နိုင်အောင် ဒါယကာ၊ ဒါယိကာမများကိုလည်း သာသနာရေး၊ ဘာသာရေး၊ အသိဉာဏ် တိုးတက်မြင့်မား၍ သာသနာတော် အစစ်အမှန်ကို ကြည်ညိုတတ်၊ ဆည်းကပ်တတ်၊ အားပေးချီးမြှောက်တတ်အောင် ပြုပေးတော်မူခြင်း စသည်တို့ဖြင့် လည်းကောင်း၊ လုံ့လမယုတ် အားထုတ်ကြိုးပမ်း စွမ်းအားရှိသမျှ သာသနာပြုတော်မူ ကြပါဟု ပန်ကြားလျှောက်ထားရင်းတပည့်တော်၏ နိဂမနဩဝါဒကထာကို နိဂုံးချုပ်အပ်ပါသည် ဆရာတော်အရှင်မြတ်တို့ဘုရား။
ဥက္ကဋ္ဌဆရာတော်
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့

No comments