မာဒါဂတ်စကာသို့ ဆိုင်ကလုန်းမုန်တိုင်း Fytia ဝင်ရောက်တိုက်ခတ်မှုကြောင့် သုံးဦးသေဆုံးပြီး ၂၈၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိ
ဖေဖော်ဝါရီ ၂
မာဒါဂတ်စကာတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Fytia ဖြတ်သန်းတိုက်ခတ်မှုကြောင့် လူသုံးဦးသေဆုံးပြီး ၂၈၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားအန္တရာယ်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုရုံး (BNGRC) က ယမန်နေ့က ထုတ်ပြန်ခဲ့သော နောက်ဆုံးအစီရင်ခံစာအရ သိရသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်းကြောင့် အိမ်ခြေ ၈၀၀ ကျော် ပျက်စီးခဲ့ပြီး အိမ်ခြေ ၆၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရကာ လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း BNGRC က ပြောကြားခဲ့သည်။
နိုင်ငံအနောက်မြောက်ပိုင်းရှိ Soalala၊ Marovoay နှင့် Mahajanga မြို့များအပြင် မြို့တော် Antananarivo တို့သည် အဆိုးရွားဆုံးထိခိုက်ခဲ့ရသည့်ဒေသများဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုမုန်တိုင်းသည် ဇန်နဝါရီ ၃၁ ရက်နေ့နံနက်ပိုင်းတွင် နိုင်ငံအနောက်ပိုင်း ကုန်းတွင်းသို့ဝင်ရောက်ခဲ့ရာ ခရိုင် ၁၉ ခုထိခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အရှေ့ဘက်ကမ်းရိုးတန်း Vatomandry မြို့မှတစ်ဆင့် ပင်လယ်ထဲသို့ ပြန်လည်ရွေ့လျားခဲ့သည်ဟု သိရသည်။
မာဒါဂတ်စကာ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်း-အနောက်ပိုင်းဒေသများတွင် လာမည့်ရက်များအတွင်း မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားနေမည်ဟု မိုးလေဝသဌာနများက ခန့်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments