နိုင်ငံတကာ စစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) သို့ တက်ရောက်ခဲ့သော တပ်မတော် (ရေ) မှ စစ်ရေယာဉ် (အောင်ဇေယျ) ပြန်လည်ရောက်ရှိ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၈

 

အိန္ဒိယနိုင်ငံ Visakhapatnam မြို့၌ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သော နိုင်ငံတကာ စစ်ရေယာဉ်များတွေ့ဆုံပွဲ International Fleet Review-2026 (IFR-2026)နှင့် နိုင်ငံပေါင်းစုံ ရေတပ်လေ့ကျင့်ခန်း (MILAN-2026) များသို့ တက်ရောက်ခဲ့သည့် တပ်မတော် (ရေ) မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ကျော်စွာထက် ဦးဆောင်သော စစ်ရေယာဉ် (အောင်ဇေယျ) သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ် (၄) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည်ရောက်ရှိရာ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထူး နှင့် တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

 

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံ ရေတပ်လေ့ကျင့်ခန်း (MILAN-2026) များသို့ တက်ရောက်ရန် စစ်ရေယာဉ် (အောင်ဇေယျ) သည် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ရာ အိန္ဒိယနိုင်ငံ Visakhapatnam မြို့သို့ ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်။

 

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) အခမ်းအနားသို့ အိန္ဒိယသမ္မတ ဒရူပါဒီမာမူ (Droupadi Murmu) တက်ရောက်ခဲ့ပြီး မြန်မာ့တပ်မတော် (ရေ)မှ အဖွဲ့ခေါင်းဆောင်အဖြစ် စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်သည်။ အခမ်းအနားသို့ နိုင်ငံပေါင်း ၇၄ နိုင်ငံမှ အဆင့်မြင့်ရေတပ်အရာရှိကြီးများ၊ နိုင်ငံတကာ ရေတပ်များ၊ ဒေသတွင်းရေတပ်များနှင့် အိမ်နီးချင်းရေတပ်များမှ စစ်ရေယာဉ်များ စုပေါင်းတက်ရောက်ကြသည်။ အဆိုပါအခမ်းအနားများနှင့် တစ်ဆက်တစ်စပ်တည်းပြုလုပ်သည့် အိန္ဒိယသမုဒ္ဒရာရေတပ်ဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် ဂိုအာပင်လယ်ရေကြောင်းဆိုင်ရာ သီးသန့် ဆွေးနွေးပွဲများသို့လည်း တပ်မတော် (ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့  ပါဝင်တက်ရောက်သည်။


 

ပါဝင်လေ့ကျင့်

ဖရီဂိတ်စစ်ရေယာဉ် (အောင်ဇေယျ)သည် ဖေဖော်ဝါရီ ၁၈ ရက်တွင်ပြုလုပ်သော နိုင်ငံတကာ စစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) တွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သော နိုင်ငံပေါင်းစုံ ရေတပ်လေ့ကျင့်ခန်း (MILAN-2026) ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း၊ ဆိပ်ကမ်းအခြေပြုစဉ် International Maritime Seminar သို့ နိုင်ငံပေါင်း ၇၄ နိုင်ငံနှင့်အတူ တက်ရောက်ခြင်း၊ စစ်ရေယာဉ်များပေါ်သို့ အပြန်အလှန် လေ့လာလည်ပတ်ခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခြင်း၊ ရေအောက်နစ်မြုပ်မှု ရှာဖွေရေး ရေယာဉ်စနစ်သရုပ်ပြမှုအား သွားရောက်လေ့လာခြင်း၊ မြို့တွင်းလေ့လာရေးခရီး သွားရောက်ခြင်း၊ နိုင်ငံတကာတပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အရာရှိငယ်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ၌ ပါဝင်ဆင်နွှဲခြင်း၊ Agra မြို့နှင့် ဗုဒ္ဓဂယာသို့ သွားရောက်ဖူးမြော်လေ့လာခြင်း၊ ညစာစားပွဲ အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ကပြဖျော်ဖြေရာတွင် ပါဝင်ဆင်နွှဲခြင်းများ ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတကာစစ်ရေယာဉ်များနှင့် ပူးပေါင်း၍ ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့ကြသည်။

 

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံ ရေတပ်လေ့ကျင့်ခန်း (MILAN-2026) သို့ တက်ရောက်ခဲ့သည့် စစ်ရေယာဉ် (အောင်ဇေယျ) ၏ ရန်ကုန်-အိန္ဒိယ-ရန်ကုန် ခရီးစဉ်နှင့် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းများတွင် မောင်းနှင်ခဲ့သည့် စုစုပေါင်းရေမိုင်မှာ ၂၃၇၇ ဒသမ ၄ မိုင်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.