MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
နေပြည်တော်
ဖေဖော်ဝါရီ ၁၃
MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်
ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့်
ဈေးရောင်းပွဲတော် ကျင်းပလျက်ရှိသည့် နေပြည်တော် ရင်ပြင်ကွပ်ကဲရေး ရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ
ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဆက်စပ်ဝန်ကြီးဌာနများမှ
အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး
ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်း မျိုးသန့်များအား
ကိုယ်တိုင်ထုတ်လုပ်နိုင် သည်အထိ ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင်
စိုက်ပျိုးရေး ပညာရှင်များနှင့် တောင်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ဌာနအနေဖြင့် စိုက်ပျိုးရေးနည်းပညာများကို ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊
စိုက်ပျိုးရာတွင် မျိုးကောင်း မျိုးသန့်ဖြစ်ရမည့်အပြင် အပင်ပေါက်ရောက်မှု
ရာခိုင်နှုန်းများသည့် မျိုးစေ့များကို အလေးပေးရွေးချယ် အသုံးပြုရမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေး
ပညာရှင်များအနေဖြင့် သုတေသန လုပ်ငန်းများကို အစဉ်အမြဲဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊
စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုးများ၊ ဝါပင်များစသည်တို့ကို
မီးမရှို့ဘဲ လောင်စာအတောင့်အဖြစ် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
လုပ်ငန်း ရှင်များအနေဖြင့် သုံးစွဲသူများ ဝယ်ယူသည့်ပစ္စည်းများကို
ထုတ်လုပ်ရောင်းချနိုင်ရေး စီမံဆောင်ရွက် သင့်ပါကြောင်း၊ MSME ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် MSME များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများကိုသာ
ခင်းကျင်းပြသ၊ ရောင်းချသည့် ဈေးဝယ်စင်တာများကိုသာ ဖော်ဆောင်သင့်ပါကြောင်း၊ MSME များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနအနေဖြင့် အစွမ်းကုန် ကူညီ ဖြည့်ဆည်း
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်
စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အမှတ် (၃)
အကြီးစား စက်မှုလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ စက္ကူစက်ရုံ (ရေနီ)၊ မြန်မာနိုင်ငံ
ဝါးစိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာဆောင်ရွက် ရမည့်အချက်များ၊ မြန်မာနိုင်ငံတွင်
ဆီထွက်သီးနှံ စိုက်ပျိုး၍ စားသုံးဆီကြိတ်ခွဲ ထုတ်လုပ်နိုင်မှု အခြေအနေ၊
အဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါမှ ဝါဂွမ်း၊ ချည်၊ ပိတ်ထုတ်လုပ်မှု
လုပ်ငန်းအဆင့်ဆင့်၊ ဝါးစိုက်ပျိုးအသုံးပြုနိုင်မှု အခြေအနေတို့ကို ဆွေးနွေးတင်ပြကြပြီး
တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည် ဆွေးနွေး
ဖြေကြားသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်သည့်
လုပ်ငန်းများအနေဖြင့် အသုံးပြုသည့် ကုန်ကြမ်းများ လုံလောက်မှုရှိမှသာ
စက်စွမ်းအားပြည့် လည်ပတ်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဆီစက်များ စက်စွမ်းအားပြည့်
လည်ပတ်နိုင်ရေးအတွက် ဆီထွက်သီးနှံများကို ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင်
နည်းပညာဖြန့်ဝေခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
တောင်သူများအနေဖြင့်လည်း ပြည်တွင်း လိုအပ်ချက်ကို ပြည့်မီအောင် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊
ထွက်ရှိသည့် သီးနှံများကိုလည်း ဈေးကွက် ပေါက်ဈေးအတိုင်း ဝယ်ယူအသုံးပြုရမည်ဖြစ်ကြောင်း၊
စားသုံးသူများ ဘေးအန္တရယ်ကင်းရှင်းရေး အတွက် ကောင်းမွန်သည့် စိုက်ပျိုးရေးစနစ်၊
ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ်တို့နှင့်အညီ တိတိကျကျ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေး
စီမံဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြည်ထောင်စုအဆင့် MSME ပြပွဲနှင့် ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက်
လုပ်ငန်းကော်မတီ (၁၁) ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊
လုပ်ငန်းများအား အနှစ်သာရရှိစွာ ဆောင်ရွက်မှသာ အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊
နိုင်ငံတော်အကြီးအကဲက MSME လုပ်ငန်းရှင်များ၏
အခက်အခဲနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်
ဝန်ကြီးဌာနများနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပေးရေး လမ်းညွှန်မှုပြုသဖြင့် ယခုအသိပညာပေးဆွေးနွေးပွဲများကို
ပြုလုပ်ခြင်းဖြစ်ကြောင်း၊ MSME တွင် ထုတ်လုပ်မှု၊
ရောင်းချမှု၊ ဝန်ဆောင်မှု၊ အခြားဟူ၍ ခွဲခြားထားပါကြောင်း၊ MSME များအား ဖွံ့ဖြိုးတိုးတက်ရန်နှင့် လိုအပ်ချက်များကို
ဖြည့်ဆည်းပေးနိုင်ရန်အတွက် ယခုပြပွဲတွင် ဝန်ကြီးဌာန ပြခန်းများကို
ထည့်သွင်းပြသထားပါကြောင်း။
ယခုပြပွဲသည် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသည့် မူဝါဒများကို
လက်တွေ့ အကောင်အထည်ဖော်မှုအဖြစ် ပြည်ထောင်စုအဆင့် ပြပွဲဖြစ်ကြောင်း၊ ပြပွဲတွင်
ခင်းကျင်းပြသ ထားသည့် MSME ထုတ်ကုန်ပစ္စည်းများနှင့်
စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်၍ အားနည်းချက်များကို
အမြန်ဆုံးပြုပြင်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ
ဆောင်ရွက်နေသည့် တန်ဖိုးကွင်းဆက် တစ်လျှောက်တွင် MSME များမှ ပါဝင်ဆောင်ရွက်နိုင်သည့် ကဏ္ဍများကို ဖော်ထုတ်သွားရမည်ဖြစ်ကြောင်း၊
ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့်
ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ စမ်းသပ်ထုတ်လုပ်ခြင်း၊ လိုအပ်ချက်များကို
ပြုပြင်ခြင်းစသည့် အဆင့်များဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိထုတ်ကုန်ပစ္စည်းများကို
မူပိုင်ခွင့် ရရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
မွန်းလွဲပိုင်းတွင်
MSME
ထုတ်ကုန်နှင့်စပ်လျဉ်း၍ မူပိုင်ခွင့်ဆိုင်ရာ
အသိပညာပေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊
ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊
လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက လုပ်ငန်းရှင်များ၏ အခက်အခဲများကို ချက်ချင်း
ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနများနှင့် လုပ်ငန်းရှင်များအား
ချိတ်ဆက် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ MSME ထုတ်ကုန်များသည် မူပိုင်ခွင့်ရရှိရန်အရေးကြီးသဖြင့် ဆွေးနွေးမှုများကို
အလေးထားလိုက်နာဆောင်ရွက်သွားရန်နှင့် ရရှိသည့် အသိပညာဗဟုသုတများကို လုပ်ငန်းရှင်
အချင်းချင်းပြန်လည်မျှဝေပေးသွားရန် ပြောကြားသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေက ဝန်ကြီးဌာနအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်တွင်းပြည်ပနှင့်ချိတ်ဆက်
ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် လုပ်ငန်းရှင်များ လိုအပ်သည့်
စက်ပစ္စည်းများ၊ စက်အရန်ပစ္စည်းများ၊ ကုန်ကြမ်းများ တင်သွင်းခွင့်ရရှိရေးအတွက်
သွင်းကုန်လိုင်စင်များရရှိရေး စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ပြည်တွင်းမှ
ထုတ်လုပ်သည့် ထုတ်ကုန် ပစ္စည်းများ ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက်
ပို့ကုန်လိုင်စင် ထုတ်ပေးလျက်ရှိပါကြောင်း၊ MSME များမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများသည် တစ်နှစ်ထက်တစ်နှစ် အရည်အသွေး ပိုမိုကောင်းမွန်လာသဖြင့်
ဈေးဝယ်စင်တာကြီးများတွင် ယခင်ကထက် ပိုမိုခင်းကျင်းပြသ ရောင်းချလျက်ရှိကြောင်း၊
လုပ်ငန်းရှင်းများကို ပြည်တွင်းရှိ အထူးစီးပွားရေးဇုန်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
လုပ်ငန်းရှင်အချင်းချင်း ပြည်ပဈေးကွက်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး
စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများရှိပါက
တင်ပြပေးပါရန်နှင့် လိုအပ်ချက်များကို အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက်
မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဆိုင်ရာနှင့်စပ်လျဉ်း၍
သိရှိသင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့်
လုပ်ငန်းရှင်များက သိရှိ လိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက
ပြန်လည်ရှင်းလင်း ဖြေကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက
နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments