ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း (ROSCOSMOS) မှ အထွေထွေညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက္ကသိုလ်များ၌ ဆွေးနွေးပွဲများပြုလုပ်ပြီး၊ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်
နေပြည်တော် ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊
နိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း (ROSCOSMOS)မှ အထွေထွေညွှန်ကြားရေးမှူးချုပ်
H.E. BAKANOV Dmitry Vladimirovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံရှိတက္ကသိုလ်များ၌
ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး၊ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့
တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ
၂၅ ရက်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ရောက်ရှိစဉ်အတွင်း အထွေထွေညွှန်ကြားရေးမှူးချုပ်
H.E.BAKANOV Dmitry Vladimirovich နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ဆိုဗီယက်ပြည်ထောင်စု
သူရဲကောင်းဘွဲ့နှင့် ရုရှားနိုင်ငံ၏သူရဲကောင်းဘွဲ့ချီးမြှင့်ခြင်း ခံရသူအာကာသယာဉ်မှူး
Mr. KRIKALEV Sergei Konstantinovich တို့သည် နေပြည်တော်ရှိ Naypyitaw State
Polytechnic University ၊ မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့်
ရန်ကုန်နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသား၊ကျောင်းသူများအား အာကာသဆိုင်ရာ သိကောင်းစရာများနှင့်
အာကာသသို့ပျံသန်းခြင်းဆိုင်ရာ အတွေ့အကြုံများကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲများသို့ သက်ဆိုင်ရာ
တက္ကသိုလ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပြီး
ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံရှိတက္ကသိုလ်များနှင့်
ROSCOSMOS၏ မိတ်ဖက်တက္ကသိုလ်များအကြား ပညာတော်သင်ဆုပေးအပ်ခြင်းဆိုင်ရာ အစီအစဉ်များနှင့်
အခြားသိရှိလိုသည့် အကြောင်းအရာများကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်၌
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ မြန်မာ အာကာသအေဂျင်စီ၊ အာကာသပြတိုက်(ရန်ကုန်)တို့က
ကြီးမှူး၍ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သည့် အခြေခံပညာအဆင့် ကျောင်းသားပေါင်း ၆၀၀၀
ကျော်ပါဝင်သည့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့
တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းနားအပြီးတွင် ပြည်သူ့ရင်ပြင်၌
ခင်းကျင်းပြသထားသည့် အာကာသနည်းပညာဆိုင်ရာ ပြခန်းများသို့ ကြည့်ရှုလေ့လာကြသည်။ပြခန်းများ၌
မြန်မာအာကာသ အေဂျင်စီမှ ပညာရှင်များ၊ မြန်မာလူငယ်ပညာရှင်များနှင့် အာကာသဆိုင်ရာအကြောင်း
အရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက်အခြေခံပညာအထက်တန်း ကျောင်းသား/ကျောင်းသူများ၏
ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဝင်နေမှုများကို လိုက်လံကြည့်ရှုခဲ့ကြပြီး အားပေးချီးမြှောက်
စကားများပြောကြားခဲ့ကြသည်။ ထို့အပြင် ရွှေတိဂုံစေတီတော်နှင့် မာရဝိဇယဘုရားတို့သို့လည်း
သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments